ရန်ကုန်၊ ဒီဇင်ဘာ ၂၅
ဧရာဝတီတိုင်း၊ ဓနုဖြူမြို့ မှ ရန်ကုန်မြို့ သို့ သွားစဉ် ပျောက်ဆုံးသွားသော ကိုအောင်မျိုးမြင့်ကို ဒညင်းကုန်း စစ်သားသစ် စုဆောင်းရေးတပ်ထဲတွင် စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးပြီး တပ်ထဲထည့်လိုက်ကြောင်း ၎င်း၏ မိတ်ဆွေများက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၆ ရက်နေ့တွင် ဓနုဖြူမြို့မှ ရန်ကုန်မြို့သို့ ပြန်လာသည့် အသက် ၂၃ နှစ်အရွယ် ကိုအောင်မျိုးမြင့်သည် မိသားစုဝင်များနှင့် နံနက် ၉ နာရီခန့်တွင် ဖုန်းအဆက်အသွယ်ရပြီးနောက် ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။
ထို့သို့ ပျောက်ဆုံးသွားပြီးနောက် ကိုအောင်မျိုးမြင့်နှင့် မိသားစုဝင်များ ဖုန်းအဆက်အသွယ် ပြန်လည်ရရှိခဲ့ပြီး ၎င်းသည် အဝေးပြေး ကားပေါ်မှ ဆင်းစဉ် လူ ၅ ဦးက ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ဒညင်းကုန်း တပ်သားသစ် စုဆောင်းရေးတပ်ထဲတွင် စစ်သားအဖြစ် အသွင်းခံထားရကြောင်း သိရှိရသည်။
ယင်းသို့ အဆက်အသွယ်ရပြီးနောက် မိသားစုဝင်များက ဒညင်းကုန်း တပ်သားသစ် စုဆောင်းရေးတပ်ကို လိုက်သွားသော်လည်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်ရှိ အချိန်အထိ ပြန်လွှတ်ပေးခြင်းမရှိသေးကြောင်း သိရသည်။
” ဓနုဖြူကနေ ရန်ကုန်ကို ပြန်လာတဲ့ ကိုအောင်မျိုးမြင့်နဲ့ မိသားစုဝင်တွေ အဆက်အသွယ်ရပြီလို့ သိရတယ်။ သူကားပေါ်က ဆင်းဆင်းချင်း လူ ၅ ဦးလောက်က လာဆွဲခေါ်သွားလို့ သိရတယ်။ အဲ့ကနေချက်ချင်းပဲ ဒညင်းကုန်း စုဆောင်းရေးတပ်ထဲတန်းပို့လိုက်တယ်တဲ့ အလိုမတူဘဲ စစ်တပ်ထဲ အတင်းဝင်ခိုင်းတာလို့ သိရတယ်။ အခုအထိ ပြန်မလွှတ်သေးဘူး” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
အလားတူ ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ အေးမြသာယာမြို့၊ အမှတ် ၁ ရပ်ကွက်မှ ၉ တန်း ကျောင်းသား မောင်ရိုးမြတ်ကို အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် အုတ်ဖိုမြို့နယ်၊ အေးမြသာယာမြို့၊ အမှတ် ၁ ရပ်ကွက်မှ ၉ တန်းကျောင်းသား မောင်ရိုးမြတ်ကို အေးမြသာယာမြို့အထွက် ကားဂိတ်ရှိ ပျူစောထီး ဝဏ္ဏ ဦးဆောင်သော အဖွဲ့နှင့် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးပြီးနောက် မိသားစုဝင်များက ငွေကျပ် သိန်း ၃၀ ဖြင့် လိုက်လံ ရွေးထုတ်ခဲ့ရကြောင်း သိရသည်။
ပျူစောထီး ဝဏ္ဏ ဦးဆောင်သော အဖွဲ့သည် အေးမြသာယာမြို့အထွက် ကားဂိတ်တွင် လူငယ်များကို ပေါ်တာ ဖမ်းဆီးနေသည်မှာ ၄၀ ဦးခန့်ရှိပြီဖြစ်ကြောင်း၊ ထို့ပြင် ကျောင်းသားလူငယ်များကို ဖမ်းဆီးပြီး ငွေညှစ်မှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။
“အေးမြသာယာမြို့၊ အမှတ် ၁ ရပ်ကွက်က ၁၄ နှစ်အရွယ် ၉ တန်းကျောင်းသား မောင်ရိုးမြတ်ကို အေးမြသာယာ မြို့အထွက် ကားဂိတ်မှာ ပျူစောထီး ဝဏ္ဏနဲ့ အဖွဲ့က ပေါ်တာဆွဲပြီး သိန်း ၃၀ တောင်းလို့ ပေးလိုက်ရတယ်။ ဝဏ္ဏဦးဆောင်တဲ့ ပျူစောထီးတွေကို စစ်ခွေးတွေက လက်နက် တပ်ဆင်ပေးထားပြီး အေးမြသာယာမှာ ပေါ်တာဆွဲမှုတွေ ပေါ်ပေါ်ထင်ထင် လုပ်ခိုင်းနေတာ သူတို့ ပေါ်တာဆွဲတာ လူ ၄၀ လောက်ရှိတယ်။ ငွေကြေး တတ်နိုင်တဲ့သူတွေဆို ငွေညှစ်ပြီး ပြန်လွှတ်ပေးတယ်။ ငွေမပေး နိုင်သူတွေကို စစ်ခွေး တပ်ထဲထည့်တယ်။ ကျောင်းသား ၃ ယောက်ကို ပေါ်တာဆွဲပြီး ခုလိုပဲ ငွေညှစ်မှုလုပ်ထားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ – ဒညင်းကုန်း စစ်သားသစ် စုဆောင်းရေးတပ်ထဲတွင် စစ်တပ်က ဖမ်းဆီးထားသော ကိုအောင်မျိုးမြင့်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar