27 C
Yangon

စဉ့်ကိုင်တွင် အလုပ်သမားများကို စစ်မှုထမ်း တပ်သားသစ်များအဖြစ် ခေါ်ယူမည်ဖြစ်၍ လူစာရင်းပေးပို့ရန် မြို့နယ်စီမံဥက္ကဋ္ဌ ဗိုလ်မှူး ပြည့်ဖြိုးအောင်က လုပ်ငန်းရှင်များကို အမိန့်ပေး၊ တပ်သားသစ် မရ၍ ပေါ်တာဆွဲနေရသဖြင့် တစ်လ အလုပ်သမား ၅၀ ဦးကို စစ်မှုထမ်းခေါ်မည်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁

မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်တွင် စက်ရုံ၊ အလုပ်ရုံများမှ အလုပ်သမားများကို စစ်မှုထမ်း တပ်သားသစ်များအဖြစ် ခေါ်ယူမည်ဖြစ်၍ လူစာရင်းပေးပို့ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တွဲဖက်ဥက္ကဋ္ဌ ဗိုလ်မှူး ပြည့်ဖြိုးအောင်က အမိန့်ပေးလာကြောင်း စက်ရုံ၊ အလုပ်ရုံပိုင်ရှင်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် စဉ့်ကိုင်မြို့နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံပိုင်ရှင်များကို စဉ့်ကိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူး ပြည့်ဖြိုးအောင်က အရေးပေါ် အစည်းအဝေး တစ်ရပ်ခေါ်ယူပြီး အလုပ်ရုံ၊ စက်ရုံများတွင် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အလုပ်သမား စာရင်းများကို သေချာစွာ ပြုစု၍ ပေးပို့ရန် ၊ အဆိုပါ စက်ရုံအလုပ်ရုံများမှ အလုပ်သမား ၅၀ ကို စစ်မှုထမ်းအဖြစ် ခေါ်ယူမည် ဟု အမိန့်ပေး ညွှန်ကြားလာကြောင်း သိရှိရသည်။

“စဉ့်ကိုင်မှာ တစ်လကို တပ်သားသစ်တွေ အများကြီးလိုနေတယ်။ အဲ့လိုကြောင့် ကျေးရွာ ရပ်ကွက်တွေမှာ စစ်မှုထမ်းလူရဖို့ ပေါ်တာဆွဲနေရတယ်ပေါ့။ ရပ်ကျေး အုပ်ချုပ်ရေးတွေကလည်း စစ်မှုထမ်း လူတွေ မဲဖောက်ရွေးတဲ့အခါ လူ ၁၀၀ ကျော်လောက်က ထွက်ပြေးကြလို့ လူ စု မရတာဖြစ်နေတယ်။ ဒါ့ကြောင့် စက်ရုံ အလုပ်ရုံတွေမှာ အလုပ်လုပ်နေကြတဲ့ အသက် ၁၈ မှ ၃၅ တွေကို ရပ်ကွက်အုပ်ချုပ်ရေးမှ တစ်ဆင့် စစ်မှုထမ်းရန် ဆင့်ခေါ်မယ်လို့ ဗိုလ်မှူး ပြည့်ဖြိုးအောင်က ပြောတယ်” ဟု အစည်းအဝေး တက်ရောက်ခဲ့သူ လုပ်ငန်းရှင်တစ်ဦးက ရှင်းပြသည်။

ထို့နောက် အစည်းအဝေးလာတက်သည့် စီးပွားရေးလုပ်ငန်းရှင်များကို အလုပ်သမားစာရင်းများ အမြန်ဆုံးပေးပို့ရန် ဖောင်များ ထုတ်ပေးလိုက်ပြီး အလုပ်သမားအများအပြားမှာ စစ်မှုထမ်းရမည်စိုးရိမ်နေကြကြောင်း လုပ်ငန်းရှင်တစ်ဦးက ရှင်းပြသည်။

“ပြည်တွင်းလုပ်ငန်းတွေမှာ လုပ်သားရှားပါးမှု ပြဿနာရှိနေတယ်လို့ သူတို့ခေါင်းဆောင် မင်းအောင်လှိုင်က ပြောတယ်။ လက်အောက်ခံ ထွေအုပ်တွေက အခုလို ပြည်တွင်း စက်ရုံတွေက အလုပ်သမား စာရင်းတောင်းယူပြီး စစ်မှုထမ်းဖို့ ဆင့်ခေါ်မယ်ဆိုတော့ တိုင်းပြည်ရဲ့ စီးပွားရေးကဏ္ဍကို ဖျက်ဆီးသလိုဖြစ်နေပြီ။ လုပ်ငန်းရှင်တွေဘက်မှာလည်း စက်ရုံ အလုပ်ရုံက အလုပ်သမားတွေကို စစ်မှုထမ်းဖို့ ဆင့်ခေါ်လာရင် ဘယ်လိုလုပ်ရမလဲမသိတော့ဘူး။ အလုပ်သမားကို စစ်မှုထမ်းဖို့ မလွှတ်ပြန်ရင်လည်း အရေးယူ ငွေညှစ်ခံရမှာ ကြောက်နေရတယ်။ အလုပ်သမားကလည်း မလုပ်တော့ဘူး ထွက်မယ်တွေလည်းဖြစ်ကုန်ကြပြီ” ဟု စဉ့်ကိုင်မှ လုပ်ငန်းရှင်က ဆက်လက်ပြောဆိုသည်။

လတ်တလော စဉ့်ကိုင်မြို့နယ်တွင် တပ်သားသစ်စုဆောင်းမရသဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် စစ်တပ် ပူးပေါင်း၍ အိမ်စီးကားများ၊ ပရဟိတကားများဖြင့် လှည့်လည် ပေါ်တာဆွဲနေရကြောင်း မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ယာယီဥက္ကဋ္ဌ ဗိုလ်မှူး ပြည့်ဖြိုးအောင်က တရားဝင် ထုတ်ဖော်ပြောဆိုထားသည်။

ဓာတ်ပုံ – စဉ့်ကိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူး ပြည့်ဖြိုးအောင်နှင့် ပြည်သူ့စစ်များ၊ ထွေအုပ်ဝန်ထမ်းတချို့။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article