24 C
Yangon

တော်လှန်ရေးတွင် ကိုယ်ကျိုးစီးပွားရှာပြီး ပြည်သူကို မျက်နှာမမူသူ နှင့် ဥပဒေ ချိုးဖောက် သူများကို ကိုင်တွယ်ရန်အချိန်တန်ပြီဟု NUG ဝန်ကြီးချုပ် ပြော

Must read

ရန်ကုန်၊ ဇန်နဝါရီ ၃

စစ်အာဏာရှင် တိုက်ဖျက်ချေမှုန်းနေသည့် တော်လှန်ရေးတွင် ကိုယ်ကျိုးစီးပွားရှာပြီး ပြည်သူကို မျက်နှာမမူသော လုပ်ရပ် ပြုလုပ် သူများနှင့် ဥပဒေ ချိုးဖောက် သူများကို ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်ရန် အချိန်တန်ပြီဟု အမျိုးသားညီညွတ်ရေးအစိုးရ-NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုလိုက်သည်။

ဇန်နဝါရီလ ၂ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ကျင်းပပြုလုပ်ခဲ့သော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အထက်ပါ အတိုင်း ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အဆင့်ဆင့် သော အုပ်ချုပ်ရေး ယန္တရားတွေကို ပိုမိုပြီး ပြည်သူကို မျက်နှာမူတဲ့ ၊ ပြည်သူကို အ‌လေးထားတဲ့ ၊ စည်းကမ်းသေသပ်တဲ့ အုပ်ချုပ်ရေး ယန္တရားတွေဖြစ်လာအောင် အထူးအလေးထား ဆောင်ရွက်သွား မယ်ဖြစ်ကြောင်း။ ဒီနေ့ဒီရက်ကစပြီး ပြည်သူကို မျက်နှာမမူတဲ့လုပ်ရပ် တွေကို ပြုလုပ်နေကြသူတွေ၊ ဥပဒေချိုးဖောက်နေသူတွေ၊ တော်လှန်ရေးကို မေ့ပြီး ကိုယ်ကျိုးစီးပွား ရှာနေသူတွေကို သက်ဆိုင်ရာ ဝန်ကြီးဌာနများမှာ ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်သွားဖို့ အချိန်တန်ပြီဖြစ်ပါကြောင်း” ဟု ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုသည်။

၂၀၂၅ ခုနှစ်သည် အင်မတန်အရေးကြီးသည်မှာ အားလုံး နားလည်ပြီးဖြစ်ကြောင်း၊ NUG အစိုးရကို ပြည်သူများ အားမလို အားမရဖြစ်နေသည်ကိုလည်း ကြားသိရကြောင်း၊ ထိုအခြေအနေများကို မဖြစ်မနေ အမြန်ဆုံး ကျော်လွှားနိုင်ရန် ကြိုးစားကြရမည် ဖြစ်ကြောင်း၊ အုပ်ချုပ်ရေး ကဏ္ဍပြုပြင်ပြောင်းလဲမှုများတွင်လည်း တော်လှန်ရေးအတွက် အင်မတန် အရေးပါသည့် ကဏ္ဍတွင် ရှိနေခြင်းကြောင့် ပြည်သူအားလုံး တက်ညီလက်ညီ ကြိုးစားကြရန် လိုအပ်ကြောင်း အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဆက်လက် ပြောဆိုသည်။

လက်ရှိ စစ်ကိုင်းတိုင်းတွင် ပ သုံးလုံးဟု အများခေါ်သည့် အုပ်ချုပ်ရေး၊ ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့များ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ဂိတ်ဖွင့်၍ ငွေကြေးတောင်းခံမှုများ ဖြစ်ပေါ်လျက်ရှိပြီး ယင်းအခြေအနေများကို ထိန်းသိမ်းရန် NUG ဝန်ကြီးချုပ်က မကြာခဏ ဆိုသလို ထုတ်ဖော်ပြောဆိုလျက်ရှိသည်။

ယမန်နှစ် ဒီဇင်ဘာလအတွင်း ကျင်းပခဲ့သော အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်၊ (၃၀/၂၀၂၄) တွင် NUG ဝန်ကြီးချုပ်က ပကဖ၊ ပအဖ၊ ပလဖ များကို မူဝါဒနှင့်အညီ ထိန်းကျောင်းရန်၊ လိုအပ်ရင် ရဲရဲဝံ့ဝံ့ အရေးယူရန် ပြောဆိုခဲ့ပြီး ပအဖများကို အမျိုးသားညီညွတ် ရေးအစိုးရက မူမရှိဘဲ ဖွဲ့စည်းခဲ့ခြင်းမဟုတ်ကြောင်း မန်းဝင်းခိုင်သန်းက ပြောဆိုခဲ့သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article