ရန်ကုန်၊ ဇန်နဝါရီ ၇
ကရင်ပြည်နယ်၊ မြဝတီမြို့နှင့် အာရှလမ်းမကြီးကို ပြန်လည် သိမ်းပိုက်မည်ဟု ကြွေးကြော်ထားသော အောင်ဇေယျ စစ် ကြောင်းမှ စစ်ကောင်စီ တပ်သား ၂ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း People Defense Force မှ တပ်ခွဲမှူး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် အောင်ဇေယျစစ်ကြောင်းမှ စစ်ကောင်စီ တပ်သား ၂ ဦးသည် ဗျူဟာ ၃၁ ထံ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ထိုသို့ အလင်းဝင်လာသော စစ်ကောင်စီ တပ်သား ၂ ဦးသည် သေနတ် ၂ လက်နှင့်အတူ ကျည်ဘောက် ၃ ဘောက်နဲ့ ကျည်၆၀ တောင့်လည်း ယူဆောင်လာခဲ့ကြောင်း သိရှိရသည်။
“သူတို့ကို ထိုက်တန်သလောက် ချီးမြှင့်ပေးပါတယ်။ သူတို့ရဲ့ ရွေးချယ်မှုအတိုင်း အကောင်းဆုံး ကူညီဆောင်ရွက်ပေးသွားပါ့မယ်။ ဒီဘက်မှာက အမြဲတမ်းကြိုဆိုနေပါတယ် ဝင်လာကြပါလို့။ ကျွန်တော်တို့တွေက မျက်နှာချင်းဆိုင်ပစ်နေကြတော့ ကျွန်တော်တို့ရှိတဲ့နေရာ သူတို့သိနေတာပဲလေ စစ်ကောင်စီတပ်သားတွေအနေနဲ့ တော်လှန်ရေးအဖွဲ့တွေနဲ့ အမြန်ပူးပေါင်းကြပါ” ဟု People Defense Force မှ တပ်ခွဲမှူးက ပြောဆိုသည်။
အလားတူ ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်မှ စစ်ကောင်စီ တပ်သား ၃ ဦးသည် လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း CDF-Hakha က ပြောဆိုသည်။
ဇန်နဝါရီလ ၃ ရက်၊ ၆ ရက်နှင့် ၇ ရက်နေ့တို့တွင် စစ်ကောင်စီ တပ်သား ၃ ဦးသည် လက်နက်ခဲယမ်းများ ယူဆောင်လာပြီး CDF-Hakha ထံ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ အလင်းဝင်လာသူများသည် အကြမ်းဖက် စစ်တပ်လက်အောက်တွင် ဆက်လက်တာဝန် မထမ်းဆောင်လိုသည့်အတွက် အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုထားပြီး ၎င်းတို့ကို ဆုငွေများ ချီးမြှင့်ပေးပြီး လုံခြုံသည့် နေရာ ရောက်သည် အထိ တာဝန်ယူပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar