ဝက်လက်၊ ဆောနှင့် ပခုက္ကူ တို့တွင် စစ်ကောင်စီ တပ်သား ၅ ဦး လက်နက်များ ယူဆောင်လာပြီး PDF ထံ အလင်းဝင်
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်၊ မကွေးတိုင်း ဆောမြို့နယ်နှင့် ပခုက္ကူမြို့နယ်တို့ အတွင် စစ်ကောင်စီ တပ်သား ၅ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း အမှတ် ၁ စစ်ဒေသက သတင်းထုတ်ပြန်သည်။
ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ဝက်လက်မြိုနယ်၊ ရှိမ္မကား ကျေးရွာတွင် ယာယီ တပ်စွဲထားသော ဗိုလ်ကြီး အေးမျိုးထွန်း ဦးစီးသည့် ခမရ-၁၃ တပ်ရင်းမှ ပြည်သူ့စစ် တပ်သား ၂ ဦးသည် MA-1 သေနတ် ၂ လက်၊ MA ကျည် ၄၆၀ တောင့် ယူဆောင်လာပြီး ရွှေဘိုခရိုင် တပ်ရင်း-၂ ထံ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။
ဇန်နဝါရီလ ၉ ရက်နေ့တွင် ဆောမြို့နယ်၊ မြို့မ ရဲစခန်းမှ ရဲတပ်သား ၁ ဦးသည် G-3 သေနတ် ၁ လက်၊ ကျည် ၃၄၉ တောင့်၊ လက်ပစ်ဗုံး ၄ လုံး၊ ကျည်အိမ် ၂ ခုတို့ ယူဆောင်လာပြီး ဂန့်ဂေါခရိုင် တပ်ရင်း-၃ ထံ အလင်းဝင်ရောက်ခဲ့ကြောင်း သိရှိရသည်။
အလားတူ ယင်းနေ့တွင် ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့၊ BPI မွေးမြူရေး စခန်းမှ တပ်သား ၂ ဦးသည် MA-1 သေနတ် ၂ လက်၊ အီနာဂါ ဗုံးသီး ၁ လုံး၊ နာနတ်သီးဗုံး ၂ လုံး၊ MA ကျည် ၁၆၆ တောင့်၊ ပိုကျည် ၅ တောင့်၊ ကျည်အိမ် ၁၀ ခု တို့ယူဆောင်လာပြီး ပခုက္ကူခရိုင် တပ်ရင်း-၈ ထံ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။