ရန်ကုန်၊ ဇန်နဝါရီ ၂၉
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် “PDFများကို မျိုးဖြုတ်ပစ်မည်” ဟု ကြွေးကြော်ထားသည့် စစ်မှုထမ်းဟောင်း တင်နိုင်ထွန်းကို ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက် ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် အုတ်ဖိုမြို့နယ်၊ သဖန်းပင်ဆိပ်ကျေးရွာတွင် နေထိုင်သော စစ်မှုထမ်းဟောင်း ပျူစောထီး တင်နိုင်ထွန်းသည် အုတ်ဖိုတာဆုံနှင့် သဖန်းပင်ဆိပ်ရွာ အကြားရှိ ကားလမ်းပိုင်း၌ ဆိုင်ကယ်စီး၍ ပြန်လာစဥ် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုမှ တော်လှန်ရေး ရဲဘော်များက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှု အတွင်း စစ်မှုထမ်းဟောင်း ပျူစောထီး တင်နိုင်ထွန်း၏ ဦးခေါင်း တည့်တည့်ကို သေနတ်ကျည် ၁ ချက် ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ ထို့ပြင် တင်နိုင်ထွန်းထံမှ လက်ပစ်ဗုံး ၁ လုံး၊ ဖုန်း ၁ လုံးနှင့် ဆိုင်ကယ် ၁ စီးတို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
ပျူစောထီး တင်နိုင်ထွန်းသည် PDF များကို မျိုးဖြုတ်ပစ်မည်ဟု ကြွေးကြော်ထားသည့် စစ်ဒေါက်တိုင် အမာခံတစ်ဦးဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့် PDF ရဲဘော်များ၏ အချက်အလက်များကို စစ်တပ်ထံ ထောက်လှမ်းသတင်းပို့ခြင်း၊ လူငယ်များကို ပေါ်တာဆွဲရန် စစ်တပ်ထံ သတင်းပေး ဖမ်းဆီးခိုင်းခြင်း၊ ပြည်သူများကို စစ်တပ်ထံ မမှန်သတင်းပေးကာ ဖမ်းဆီး နှိပ်စက်သတ်ဖြတ်ရန် လုပ်ဆောင်ခိုင်းနေသူဖြစ်သောကြောင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အုတ်ဖို့မြို့ကနေ ပြန်အလာကို စောင့်ပြီး ပစ်ခတ်ရှင်းလင်းခဲ့တာပါ။ ခေါင်းတည့်တည့်ကို သေနတ်နဲ့ ၁ ချက်ပစ်တော့ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားပါတယ်။ သူသာတပ်ထဲမှာ ဆက်ရှိနေရင် PDF တွေကို မျိုးဖြုတ်ပစ်လို့ PDF ကောင်တွေကျန်မှာ မဟုတ်ဘူးဆိုပြီး ကြွေးကြော်နေတာ ပြည်သူတွေကိုလည်း PDF နဲ့ ပတ်သတ်တယ်ဆိုပြီး စစ်ခွေးတွေကို သူကဖ မ်းဆီးသတ်ဖြတ်ခိုင်းတာတွေလည်း လုပ်ခိုင်းတယ်။ သူ့ကိုသာဆက်ထားရင် ပြည်သူတွေနဲ့ တော်လှန်ရေးရဲဘော်တွေကို ဒုက္ခပေးနေမှာမို့လို့ ရှင်းလင်းလိုက်တာပါ” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက် ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက် ပြောက်ကျားတပ်ဖွဲ့ အနေဖြင့် ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးနေသည့် အကြမ်းဖက် စစ်တပ်နှင့် စစ်တပ် ဒေါက်တိုင်များကို တိုက်ခိုက်သွားမည်ဖြစ်၍ ပြည်သူများအနေဖြင့်လည်း ၎င်းတို့အနီး သွားလာနေထိုင်ခြင်းများ မပြုလုပ်ကြရန် မြေအောက် ပြောက်ကျားတပ်ဖွဲ့ အသိပေးပြောဆိုထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar