25 C
Yangon

AA ထိုးစစ်ရောက်ရှိလာနိုင်သောကြောင့် ချောင်းသာမြို့တွင် စစ်တပ်က ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ရပ်/ကျေး အဖွဲ့ဝင်များကို စစ်တပ်က လက်နက်ပစ်ခတ်မှု သင်တန်းပေးမည်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၃၀

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ချောင်းသာမြို့တွင် အကြမ်းဖက် စစ်တပ်က ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များကို လက်နက် ပစ်ခတ်မှုနှင့် စစ်သင်တန်းပေးမည်ဖြစ်ပြီး AA ထိုးစစ်ရောက်ရှိလာနိုင်သောကြောင့် ထိုသို့ စစ်သင်တန်းများ ပေးရန် စီစဉ်နေခြင်းဖြစ်ကြောင်း ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၅ ရက်နေ့မှ စတင်၍ ချောင်းသာမြို့မှ အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက် စစ်တပ်က ပုသိမ်မြို့နယ်၊ ရွှေမြင်တင်ကျေးရွာရှိ အမှတ် ၆ စစ်အခြေခံ လေ့ကျင့်ရေးတပ်တွင် စစ်သင်တန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ချောင်းသာမြို့ရှိ အုပ်ချုပ်ရေးမှူးကို အကြမ်းဖက် စစ်တပ်က ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ အတွင်းမှ စတင်ပြီး လက်နက်ငယ်တချို့ ကိုင်ဆောင်ခွင့်ပြုခဲ့သော်လည်း အခြေခံစစ်ပညာ သင်တန်းများ ပို့ချရသေးခြင်းမရှိသဖြင့် စစ်တပ်က ပစ်ခတ်မှုနှင့်စစ်သင် တန်း ပေးရန်စီစဉ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ချောင်းသာမြို့နယ်ခွဲမှာ ဒီဇင်ဘာလထဲက အုပ်ချုပ်ရေးမှူးတွေကို စစ်ခွေးတွေက လက်နက်‌ကိုင်ဆောင်ခွင့်ပြုထားတာ အခြေခံ စစ်ပညာတော့ သင်ပေးထားတာမရှိလို့ ဖေဖော်ဝါရီ ၅ ရက်နေ့မှာ လေ့ကျင့်ရေး ၆ ထဲ အခြေခံ စစ်သင်တန်း တက်ရောက်သင်ကြားပေးမယ်လို့ သိရတယ်” ဟု ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။

လက်ရှိတွင် AA ဦးဆောင်သော တော်လှန်ရေးတပ်များက ပုသိမ်မြို့နယ်၊ ရွှေသောင်မြို့ ပတ်ဝန်းကျင်သို့ ရောက်ရှိနေပြီး တိုက် ပွဲတချို့နှင့် ထိတွေ့မှုများ ရှိနေကြောင်း၊ စစ်တပ်က ဧရာ၀တီတိုင်းနှင့်ရခိုင်ပြည်အစပ်နေရာများတွင် စစ်အင်အားများ တိုးချနေပြီး စစ်ဆေးရေးနှင့် လုံခြုံရေးများကိုလည်း အထူးတင်းကျပ်စွာ လုပ်ဆောင်နေကြောင်း သိရှိရသည်။

“ပုသိမ်-ချောင်းသာလမ်းဘက်မှာ အစစ်အဆေးကတော့ အတော်ကို ကြမ်းနေတာ။ မှတ်ပုံတင် စစ်ရုံတင်မကဘူး၊ အမျိုးသားတွေဆိုရင် မသင်္ကာရင် အပေါ် အင်္ကျီချွတ်ခိုင်းတယ်။ ခရီးသည်တွေဆိုရင် ကားပေါ်ကနေ လမ်းဆင်းလျှောက်ခိုင်းတယ်။ စစ်ဆေးရေးက ကြမ်းတယ်” ဟု ယခုဇန်နဝါရီလကုန်ရက်ပိုင်းအတွင်း ခရီးသွားခဲ့သည့် ခရီးသည်တင်ကားပိုင်ရှင်တစ်ဦးက ပြောဆိုသည်။

ရခိုင်နှင့်ဧရာ၀တီအစပ်တွင် တိုက်ပွဲအခြေအနေများနှင့် သတင်းများကြောင့် ချောင်းသာကမ်းခြေသို့ ခရီးသွားလည်ပတ်သူ လုံး၀ မရှိသလောက် နည်းပါးသွားပြီး စျေးဆိုင်နှင့်စျေးသည်များမှာ အလွန်နည်းပါးသွားကာ မြို့မှာလည်း ခြောက်ကပ်နေကြောင်း၊ ချောင်းသာမြို့မှ ပြည်သူတချို့မှာလည်း တိုက်ပွဲများ ကူးစက်လာမည်ကို စိုးရိမ်၍ အခြားမြို့များသို့ ရွှေ့ပြောင်းနေ ကြကြောင်း သိရှိရသည်။

ဓာတ်ပုံ – စစ်ကောင်စီ၏ စစ်မှုထမ်းသင်တန်းတွင် ပစ်ခတ်မှု သင်တန်းပို့ချနေစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်ကောင်စီ၏ စစ်မှုထမ်းသင်တန်းတွင် ပစ်ခတ်မှု သင်တန်းပို့ချနေစဉ်။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article