ရန်ကုန်၊ ဇန်နဝါရီ ၃၁
နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ စစ်ရေးပြကွင်းနှင့် ပျဉ်းမနားမြို့နယ်ရှိ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ် အနီးရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လျော်ကြေးမပေးဘဲ ဖျက်ခိုင်းခိုင်းနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ရန်ကုန်- မန္တလေး လမ်းဟောင်းဘေးရှိ ဇေယျာသီရိမြို့နယ် ကျောက်ချက်ရွာမှ ခရေပင်လမ်းခွဲအထိ ကျေးရွာများကို အကြမ်း ဖက် စစ်တပ်က စစ်ရေးပြကွင်းနှင့် ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ် တို့ကို တိုးချဲ့ရန်နှင့် လုံခြုံရေး အကြောင်းပြကာ စီမံချက်ဖြင့် လျော်ကြေးငွေ မပေးဘဲ ဖျက်ဆီးခိုင်းရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်-မန္တလေး လမ်းဟောင်း တလျှောက်ရှိ ကျောက်ချက်ရွာ၊ အိုင်စောက်ရွာ၊ သစ်တပ်ရွာ၊ စိမ်းစားပင်ရွာ၊ မအူတောရွာ၊ ရေဆင်းရွာ၊ ရွေကျရွာ၊ ရွေတွင်းကုန်းရွာ၊ ခေတ်အေးရွာနှင့် ခရေပင်လမ်းခွဲအထိ ပြည်သူပိုင် နေအိမ်များကို အကြမ်းဖက် စစ်ကောင်စီက ဖျက်သိမ်းခိုင်းရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
“ပြင်ဦးလွင်က စစ်တက္ကသိုလ်ကို ရေဆင်းဘက်ရွေ့မှာရယ် ရွာတွေက ထိပ်ရောက်နေလို့ လုံခြုံရေးစိတ်မချတာ အကြောင်းတွေကြောင့် ဖျက်ခိုင်းတယ်။ သစ်တပ်ကြီးရွာနဲ့ သစ်တပ်ကလေးရွာကတော့ စစ်ရေးပြကွင်းနဲ့နီးတော့ အဲ ၂ ရွာကတော့ ဖျက်ခိုင်းဖို့ ရာခိုင်နှုန်းများပါတယ်။ လျော်ကြေးမပေးဘဲ ဖျက်ခိုင်းဖို့ လုပ်နေတာ အခု တပ်သစ်ရွာ မြောက်ဘက်ခြမ်းမှာတော့ ပေတိုင်းတာတွေလုပ်နေတယ်” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။
အလားတူ ဇေယျာဉ်သီရိမြို့နယ်ရှိ သစ်တပ်ရွာ မျက်နှာစာတွင်ရှိနေသာ အဆောက်အဦး များကိုလည်း အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ဇေယျာသီရိတရားရုံးက ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ဖျက်သိမ်းပေးရန် အမိန့်ချမှတ်ခဲ့ပြီး အဆောက် အဦး ပိုင်ဆိုင်သော ပြည်သူများကို ဒဏ်ငွေ ၁ သိန်း ပေးဆောင်ရန်နှင့် မပေးဆောင်လျှင် ထောင်ဒဏ် ၁ လ ချမှတ်မည်ဟု တရားရုံးက တဖက်သတ် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြေနေရာ ပိုင်ဆိုင်မှုများနှင့် ပတ်သတ်ပြီး ၂၀၂၄ ခုနှစ်က စတင်ကာ အကြမ်းဖက် စစ်တပ်က လမ်မကြီးများဥပဒေနှင့် ငြိစွန်းသည်ဟုဆိုပြီး ဖျက်သိမ်းခိုင်းခဲ့ကြောင်း၊ ဒေသပြည်သူများနှင့် အကြမ်းဖက် စစ်တပ်တို့ ဇေယျာသီရိတရားရုံးတွင် အမှုဖြစ်ပွားခဲ့ရာမှ ဖျက်သိမ်းရန် အမိန့်ချခံရခြင်းဖြစ်ကြောင်း၊ ယင်းမြေနေရာများသည် နှစ်ပေါင်း ၇၀ ကျော်ကြာ ပြည်သူများ နေထိုင်လာသည့် ဘိုးဘွားပိုင်မြေနေရာများဖြစ်ကြောင်း သိရှိရသည်။
ထိုမြေနေရာများကို ပိုင်ဆိုင်မှုတွင် အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိများလည်း ပါဝင်ပြီး ဇန်နဝါရီ ၃၀ ရက်နေ့ နောက်ဆုံးထား၍ ၁၀ ရက်အတွင်း ဖျက်သိမ်းရန် ဇေယျာသီရိ ထွေ/အုပ်ရုံးက ခြိမ်းခြောက် ဖိအားပေးခဲ့ကြောင်း သိရသည်။
“တပ်သစ်ရွာ မျက်နှာစာက နေအိမ်တွေက ရွာမြေပါ နှစ်ပေါင်း ၇၀ ကျော်ပါပြီ ရွာသားတွေ ပိုင်တာပါ။ ရွာသားတွေဆီက တပ်ဘက်က ပြန်ဝယ်ထားတာ ၆ ဦးရှိပါတယ်။ စစ်တပ်ဘက်က လူတွေကတော့ ဖျက်သိမ်းပေးလိုက်တာကြာပြီ ။ကျန်တာတွေက ရွာသားပိုင်တာပါ။ အခုပြည်သူတွေကို နေစရာပြန် မပေးလို့ အမှု ရင်ဆိုင်နေရပါတယ်။ လမ်းမကြီးများ ဥပဒေနဲ့ ငြိတယ်ဆိုပြီ နေအိမ်တွေ တိုက်တွေဖျက်ခိုင်းတာပါ။ ဒီလ ၂၇ ရက်နေ့မှာ အမိန့်ချတယ်။ နေစရာမရှိကျတော့တဲ့ ရွာသားတွေ ဒုက္ခက ကြီးလှပါတယ်။ ဇေယျာသီရိတရားရုံးကတော့ သစ်တပ်ရွာက ပြည်သူတွေကို ဒဏ်ငွေတစ်သိန်း မပေးဆောင်ရင် ထောင်ဒဏ် ၁ လလို့ အမိန့်ချလိုက်ပါတယ်။ ၃၀ ရက်နေ့မှာလည်း ဇေယျာသီရိ ထွေ/အုပ်ရုံးကနေပြီး ပြည်သူတွေကို ၁၀ ရက်အတွင်း အိမ်ဖျက်ပေးဖို့ ဖိအားပေး လက်မှတ်ထိုးခိုင်းနေပါတယ်။ မြေနေရာ အစား ပေးဖို့ မပြောနဲ့ ဖျက်သိမ်းခတောင် မရဘဲ အခုတော့အချို့ ရွာသားတွေမှာ နေစရာမရှိလို့ ဒုက္ခတွေ သောကတွေဝေနေကြပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ – ယခု ဇန်နဝါရီလအတွင်း နေပြည်တော်၊ ရန်ကုန်-မန္တလေး လမ်းဟောင်း ဘေးရှိ ဖျက်သိမ်းခံရသော နေအိမ်တစ်လုံး။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar