29 C
Yangon

အရာတော်၊ ငွေတွင်းရွာ စစ်တပ်စခန်းမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး၊ စစ်ကိုင်းမြို့တွင် စစ်သားစုဆောင်းနေသည့် ပျူစောထီးအဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ငွေတွင်းရွာ စစ်တပ်စခန်းမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း မုံရွာခရိုင် အမှတ် ၁၉ တပ်ရင်း -ရောင်နီဦးတပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့ နံနက် ၉ နာရီ ၁၀ မိနစ်အချိန် အင်အား ၄၀ ခန့်ဖြင့် အရာတော်မြို့နယ်၊ ငွေတွင်းရွာ ပျူစောထီးစခန်းမှ ထွက်လာသော အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်း၍ ခြုံခိုတိုက် ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ မိနစ် ၃၀ ခန့် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်သား ၅ ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“တိုက်ပွဲဖြစ်ပြီးတော့ ငွေတွင်းပျူစခန်းထဲပဲ ပြန်ဆုတ်သွားပါတယ်။ ဒီနေ့အထိ ပြန်ထွက်လာတာမျိုး မရှိပါဘူး။ စစ်ရေးအရှိန်မြင့်လာတာနဲ့အမျှ စစ်ရေး သတိရှိကြဖို့ ၊ တပ်ဖွဲ့ အသီးသီးတွေ လည်း ကိုယ့်အလုပ်ကို လုပ်ကြဖို့ အကြံပြုပါတယ်။ ပြီးတော့ တိုက်ပွဲတွေ အခုထက် အရှိန်မြှင့်ဖို့ ထောက်ပို့အားတွေနဲ့ ဝိုင်းဝန်းကူညီပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု မုံရွာခရိုင် အမှတ် ၁၉ တပ် ရင်း -ရောင်နီဦးတပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်ဗျူဟာ ၆၆ စစ်ကြောင်းများဖြစ်သည့် မုံရွာခရိုင် တပ်ရင်း အမှတ် ၁၉ တပ်ရင်း၊ အမှတ် ၂၁ တပ်ရင်း၊ အမှတ်၂၆တပ်ရင်း ၊ အရာတော်မြို့နယ်ပကဖအဖွဲ့များနှင့်အတူ အ ခြား မဟာမိတ်အဖွဲ့များပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ ၊ စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့ ထုံးဘိုရပ်ကွက်တွင် ပြည်သူ့စစ်နှင့်စစ်သား စုဆောင်းရေး လုပ်နေသော ပျူစောထီး မျိုးသန့်ဦး ဦးဆောင်သည့် အဖွဲ့ကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ထိခိုက်ဒဏ်ရာရရှိသူများရှိခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက် ကျားတပ်ဖွဲ့ကတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂ ရက်နေ့ နံနက် ၄နာရီ ၄၀မိနစ်ခန့် အချိန် နှင့် နံနက် ၄နာရီ ၅၀မိနစ်ခန့်တွင် မိုင်း ၂လုံးဖြင့် စစ်ကိုင်းမြို့အတွင်းသို့ ဝင်ရောက်၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ၊ ပျူစောထီး မျိုးသန့်ဦး ဦးဆောင်သည့်အဖွဲ့က ပြည်သူ့စစ်နှင့် စစ်သားများ လိုက်လံစည်းရုံးနေသည့်အတွက် သတိပေးသည့်အနေဖြင့် ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“မျိုးသန့်ဦး ကိုယ်တိုင် အသက်အန္တရာယ် မစိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာ ရတာမျိုးတော့ ရှိတယ်။ မိုင်းပွိုင့် နှစ်လုံးနဲ့ ဖောက်ခွဲတာပါ။ ကျွန်တော်တို့က အချိန်မရွေး သူတို့ကို ဝင်ပြီး လုပ်လို့ရတယ်ဆိုတဲ့ သဘောမျိုးသတိပေးချင်တာရယ်။ သူတို့လုပ်ရပ်တွေ ရပ်တန်းကရပ်ဖို့ သတိပေးချင်ရုံပဲဆိုတော့ ကြီးကြီးမားမားတော့ မလုပ်ခဲ့လိုက်ဘူး။ သူတို့အဖွဲ့က ဆယ်ဂဏန်းလောက်ပဲ ရှိဦးမယ်။ အခုမှ စပြီး ဖွဲ့စည်းနေကြတာဆိုတော့ လူဦးရေ အရေအတွက် အတိအကျ တော့ ကျွန်တော်တို့လည်း စုံစမ်းဆဲပဲ။ခန့်မှန်းခြေအနေကတော့ ၁၀ ဦး အထက်ပေါ့”ဟု လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ကတာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

စစ်ကိုင်းမြို့ ထုံးဘိုရပ်ကွက်တွင် ပျူစောထီး မျိုးသန့်ဦး က ဦးဆောင်၍ ထုံးဘို အရေးပေါ် ရှာဖွေကယ်ဆယ်ရေး နှင့် အရန်မီးသတ်တပ်ဖွဲ့ ဖွဲ့စည်းထားကြောင်း၊ အဆိုပါအဖွဲ့က စစ်ကောင်စီတပ် နှင့် တိုက်ရိုက် ပတ်သတ်ဆက်နွယ်နေခြင်း၊ ပြည်သူများကို ဖမ်းဆီးရာတွင် လိုက်လံ၍ ကူညီပေးနေခြင်း၊ ပြည်သူများ၏ အသွားအလာကို စောင့်ဆိုင်း၍ စစ်ကောင်စီထံ သို့ သတင်းပေး ဖမ်းဆီးခိုင်းခြင်းများ ပြုလုပ်နေသည်ကို သိရှိထားသည့်အတွက် ပထမဆုံးနှင့် နောက်ဆုံးအကြိမ်အဖြစ် သတိပေးရခြင်းဖြစ်ကြောင်းသိရှိရသည်။

ထို့ပြင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပတ်သတ်ဆက်နွယ်သူများအားလုံး အမြန်ဆုံး ဆက်သွယ်၍ အလင်းဝင်ရောက်ကြရန်၊ အလင်း ဝင်ရောက်လာခြင်း မရှိပါက Non-CDM ဝန်ထမ်းများကို အချိန်မရွေး ဝင်ရောက် ဖမ်းဆီးမည်ဟု လင်းယုန်ညီနောင် ပြောက် ကျားတပ်ဖွဲ့က သတိပေးသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article