26 C
Yangon

စစ်မှုထမ်းရန် အကျုံးဝင်သည့် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများအားလုံးကို ပြည်ပအလုပ်အကိုင်အတွက် ပထမဆုံးအဆင့်ဖြစ်သည့် ပြည်ပအလုပ်အကိုင်လမ်းညွှန်သင်တန်း တက်ရောက်ခွင့် စစ်ကောင်စီက တရားဝင် ပိတ်ပင်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၆

စစ်မှုထမ်းရန် အကျုံးဝင်သည့် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများအားလုံးကို ပြည်ပသို့ သွားရောက် အလုပ်လုပ်ရန် ပထမဦးဆုံးလုပ်ဆောင်ရသည့် ပြည်ပအလုပ်အကိုင်လမ်းညွှန်သင်တန်း တက်ရောက်ခွင့် စစ်ကောင်စီက တရားဝင် ပိတ်ပင်လိုက်ကြောင်း ရန်ကုန်အခြေစိုက် ပြည်ပအလုပ်အကိုင်အေဂျင်စီများက ပြောဆိုသည်။

ယခုဖေဖော်ဝါရီလဆန်းပိုင်းအတွင်း ပြည်ပနိုင်ငံများသို့ သွားရောက်ရန် ပထမဦးဆုံး လုပ်ရသည့် အလုပ်သမားဝန်ကြီးဌာနက ဖွင့်လှစ်သည့် ပြည်ပအလုပ် အကိုင်လမ်းညွှန်သင်တန်းတက်ရောက်ရန်အတွက် လူပေါင်း ၂၀၀ နီးပါး တင်ပြခဲ့ရာတွင် ၁၄၂ ဦးကို ငြင်းပယ်ခဲ့ကြောင်း၊ ငြင်းပယ်ခံရသူများတွင် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသားများအားလုံးကို စစ်မှုထမ်းရန် အသက် အရွယ်ကန့်သတ်ချက်နှင့် အကျုံးဝင်နေ၍ ပြည်ပအလုပ်အကိုင်လမ်းညွှန်သင် တန်း တက်ရောက်ခွင့်မရှိဟု တရားဝင် အသိပေးအကြောင်းကြားလာကြောင်း သိရှိရသည်။

“အသက် ၁၈ နှစ်ကနေ အသက် ၃၅ နှစ်အတွင်း အမျိုးသားအားလုံးကို စစ်မှု ထမ်းအသက်အကျုံးဝင်တဲ့အတွက် ပြည်ပအလုပ်အကိုင်လမ်းညွှန်သင်တန်း တက်ခွင့်မပြုကြောင်း စပြီး အကြောင်းကြားပါတယ်။ ကျနော်တို့ အေဂျင်စီက ဂျပန်ကို ကျွမ်းကျင်အလုပ်သမားပို့ဖို့ တင်ပြထားတာ အားလုံးက အငြင်းခံရပါတယ်” ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

သို့ရာတွင် စစ်ကောင်စီက ပြည်ပအလုပ်အကိုင်အေဂျင်စီများသို့ တစ်စုံတစ်ရာ အမိန့်ညွှန်ကြားချက် ထုတ်ပြန်ခြင်းမရှိဘဲ ယခုအခါမှသာ အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသားများအားလုံးကို အလုပ်သမားဝန်ကြီးဌာနကဖွင့်လှစ်သော ပြည်ပအလုပ်အကိုင်လမ်းညွှန် တက်ရောက်ခွင့် ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

လက်ရှိတွင် အမျိုးသမီးများကိုမူ အသက်အရွယ် မရွေး ပြည်ပသွားရောက် အလုပ်လုပ်ခွင့် ခွင့်ပြုထားဆဲဖြစ်ပြီး ပြည်ပအလုပ်အကိုင်လမ်းညွှန်သင်တန်း တက်ခွင့်၊ OWIC ကတ်ပြုလုပ်ခွင့်များ ဆက်လက်ပေးနေဆဲဖြစ်ကြောင်း၊ သို့ရာတွင် များမကြာမီ အမျိုးသမီးများလည်း စစ်မှုထမ်းရမည့် အသက် ၁၈ နှစ်မှ အသက် ၂၇ နှစ်အတွင်း ပြည်ပအလုပ်လုပ်ခွင့် ပိတ်ပင်ရန် ရှိနေသည်ဟု သတင်းများ ထွက်ပေါ်နေကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီများထံမှ သိရှိရသည်။

“အမျိုးသမီးတွေလည်း ပိတ်မယ်လို့ သတင်းတွေ ထွက်နေတယ်။ အမျိုးသမီးတွေကို မြေပြင်မှာ စာရင်းတွေ ကောက်နေလို့ အဲဒီသတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်နေတာပါ” ဟု ဂျပန်သို့ အလုပ်သမားပို့ဆောင်နေသည့် ပြည်ပအလုပ်အကိုင်အေဂျင်စီပိုင်ရှင်က ဆက်လက်ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ၂၀၂၄ ခုနှစ် မေလမှစတင်၍ လစဉ် စစ်မှုထမ်းသင်တန်းများ ဖွင့်လှစ်ကာ လူငယ်များကို အတင်းအကျပ် စစ်ထဲသွင်း၍ စစ်မြေပြင်သို့ စေလွှတ်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article