29 C
Yangon

ဖလမ်းမြို့တိုက်ပွဲတွင် စစ်တပ်က စစ်မှုထမ်း တပ်သားသစ်များကို အသေခံ တိုက်ခိုက်ခိုင်းပြီး ထွက်ပြေးသူများကို ပစ်သတ်မည်ဟု ခြိမ်းခြောက်ခဲ့

Must read

🟥 စစ်မှုထမ်းသင်တန်းဆင်းပြီးလျှင် မိမိမြို့ရွာများတွင်သာ လုံခြုံရေး လုပ်ရမည်ဟု လိမ်ခေါ်ခဲ့ပြီး တပ်သားသစ်များကို ရှေ့တန်းသို့ပို့ဆောင်ခဲ့

ရန်ကုန်၊ ဖေဖော်ဝါရီ ၆

ချင်းပြည်နယ်၊ ဖလမ်းမြို့ တိုက်ပွဲတွင် စစ်တပ်က စစ်မှုထမ်း တပ်သားသစ်များကို အသေခံ တိုက်ခိုက်ခိုင်းပြီး ထွက်ပြေးသူများကို ပစ်သတ်မည်ဟု စစ်တပ်အရာရှိများက ခြိမ်းခြောက်ခဲ့ကြောင်း စစ်သုံ့ပန်းများက ဝန်ခံ ပြောဆိုလိုက်သည်။

ယနေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ဖလမ်းမြို့သိမ်း စစ်ဆင်ရေးတွင် ချင်းညီနောင်နှင့် မဟာမိတ်အဖွဲ့များက ဖမ်းဆီးရမိသော ပြည်သူ့စစ်မှုထမ်း များ၏ ထွက်ဆိုချက်ကို ဗီဒီယိုနှင့်တကွ ထုတ်ပြန်ခဲ့ပြီး ယင်းဗီဒီယိုတွင် အသက် ၁၉ နှစ်အရွယ် စစ်မှုထမ်း တပ်သား မောင်မြတ်မင်းခန့်နှင့် အသက် ၃၁ နှစ်အရွယ် စစ်မှုထမ်း တပ်သား မောင်တင်မျိုးအောင် တို့က အထက်ပါအတိုင်း ပြောဆိုခဲ့သည်။

“ကျွန်တော်တို့ ဒီလို ထွက်မပြေးနိုင်ရင်တောင်မှပဲ ဒီလိုလက်နက်ချဖို့ အခွင့်အရေးကြုံလာခဲ့တာတောင်မှ လက်နက်ချလို့ရှိရင် အထက်က လူတွေက လက်နက်ချတဲ့ လူမှန်သမျှ ပစ်သတ်မယ်လို့ ပြောလို့ ခြိမ်းခြောက်ခဲ့လို့ ကျွန်တော်တို့ လက်နက်မချခဲ့ရတာပါ။ သူတို့နဲ့လည်း ကွဲလာရော လက်နက်ချနိုင်ခဲ့ပါတယ်။ ကျန်ခဲ့တဲ့ လူတွေ အကုန်လုံး ဒီမှာပါလာတဲ့လူတွေ အကုန်လုံးကိုရော လွတ်လွတ်လပ်လပ်နဲ့ နေနိုင်စေချင်ပြီးတော့ ကျန်ခဲ့တဲ့ လူတွေလည်း အလင်းဝင် လက်နက်ချဖို့ ဖိတ်ခေါ်ချင်ပါတယ်။ ဒီဘက်ထဲကို ကူးပြောင်းဖို့ ဖိတ်ခေါ်ချင်ပါတယ်” ဟု စစ်မှုထမ်း တပ်သား မောင်မြတ်မင်းခန့်က ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်က တောင်တွင်းကြီး အမှတ် ၇ စစ် အခြေခံလေ့ကျင့်ရေးတပ်တွင် ပေါ်တာဆွဲ ဖမ်းဆီးထားသော လူငယ် ၂၃၂ ဦးကို စစ်မှုထမ်း စစ်သင်တန်း ၃ လ တက်ခိုင်းပြီး ဖလမ်းမြို့သို့ ပို့ဆောင်ခဲ့ကြောင်း၊ စစ်မှုထမ်း လူငယ်များမှာ ဖလမ်းမြို့ရှေ့တန်းစစ်မြေပြင်သို့ ပို့ဆောင်ခံရမည်ကို မသိရှိခဲ့ဘဲ လေယာဉ်ဖြင့် ဖလမ်းမြို့သို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။

“မင်းဘူး ခလရ ၈၈ ကို စုဆောင်းရေးမှာ တစ်လ ပို့ပါတယ်။ တစ်လပို့ပြီးတော့ တောင်တွင်းကြီး အမှတ် ၇ စစ်အခြေခံလေ့ ကျင့် ရေးတပ်မှာ သင်တန်း ၃ လတက်ရပါတယ်။ သင်တန်းဆွဲခံရတဲ့ လူ ၂၃၂ ယောက်ရှိပါတယ်။ ကျွန်တော်တို့ သင်တန်းဆင်းတော့ ၈၃ ယောက်ကို ကလေးမြို့ကို ပို့ပါတယ်။ ၅၁ ယောက်ကတော့ ကလေးမြို့ ခလရ ၈၉ ကို ပို့ပေးပါတယ်။ အဲဒါပြီးတော့ ဖလမ်းမြို့ကို ကျွန်တော်တို့ကို ပို့ပေးပါတယ်။ ကျွန်တော်တို့ကို ဖလမ်းမြို့ကို ပို့မယ်ဆိုတာလည်း မသိဘူး။ ကျွန်တော်တို့ကို ၃ ရက်ပဲ ကြာမယ်ဆိုပြီးတော့ လေယာဉ်ပေါ်ကောက်တင်ပြီးတော့ ဖလမ်းမြို့ကို ပို့ခဲ့ပါတယ်” ဟု စစ်မှုထမ်း တပ်သား မောင်မြတ်မင်းခန့်က ဆက်လက်ပြောဆိုသည်။

ထို့ပြင် အသက် ၃၁ နှစ်အရွယ် မောင်တင်မျိုးအောင်ကလည်း စစ်မှုထမ်းဥပဒေထဲတွင် တစ်ဦးတည်းသော သားများ မပါဝင်ဟုဆိုကာ အုပ်ချုပ်ရေးမှူးက ရပ်ကွက်ရုံးသို့ လိမ်ခေါ်လက်မှတ်ထိုးစေခဲ့ကြောင်း၊ ယင်းနောက် သွေးစစ်ရန် အုပ်ချုပ်ရေးမှူးရုံးသို့ လိမ်လည် ခေါ်ဆောင်ပြီးနောက် စစ်တပ်ထဲ ထည့်သွင်းခံလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

“စစ်မှုထမ်းဥပဒေထဲမှာ တစ်ဦးတည်းသော သားတွေ မပါဘူးဆိုပြီးတော့ အမေကို ဆန္ဒပြုဖို့ လက်မှတ်ထိုးခိုင်းတယ်။ လက်မှတ်ထိုးပြီး သိပ်မကြာဘူး ၁ ရက် ၂ ရက်နေ့တော့ ပါလာတယ်ဆိုပြီးတော့ ကျွန်တော်တို့ကို သွေးစစ်ဖို့ ၅ မိနစ်နဲ့ ပြီးမယ်ဆိုပြီးတော့ ဥက္ကဋ္ဌ ရုံးကို ခေါ်တယ်။ ခေါ်ပြီးတော့မှ ၉၁၀ စုဆောင်းရေးတပ်ကို ပို့လိုက်တယ်။ ၉၁၀ တပ်ထဲမှာပဲ ၁ ရက်ခွဲ ၂ ရက်လောက် ကြာပြီးတော့ သိပ်မကြာဘူး လေ့ကျင့်ရေးသင်တန်းကျောင်း တတက ၁၃ သပိတ်ကျင်း တွင်ငယ်ပေါ့ ပို့ခဲ့တယ်။ အဲဒီမှာပဲ ၃ လလောက် စစ်သင်တန်းတက်ခဲ့ရတယ်။ သင်တန်းကနေ ချက်ချင်းပဲ ကလေး ခလရ ၈၉ ကို တန်းပို့လိုက်တယ်။ ကလေး ခလရ ၈၉ နဲ့အတူတူ စစ်ဆင်ရေးလုပ်နေရတယ်ပေါ့။ ဖလမ်းမြို့ကို ရောက်ပြီး သိပ်မကြာပါဘူး” ဟု မောင်တင်မျိုးအောင်က ရှင်းပြသည်။

အဆိုပါ စစ်မှုထမ်း တပ်သားသစ် လူငယ်များသည် ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း ချင်းညီနောင် နှင့် မဟာမိတ်အဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် တောတောင်များ အတွင်း ထွက်ပြေး တိမ်းရှောင်စဉ် စစ်သုံ့ပန်း အဖြစ် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတို့ကို လက်ရှိချိန်တွင် ချင်းအမျိုးသားအဖွဲ့ချုပ်၊ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF)က ကောင်းမွန်စွာ ထိန်းသိမ်း စောင့်ရှောက်ထားကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article