ရန်ကုန်၊ ဖေဖော်ဝါရီ ၇
မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန် လူငယ်များနှင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအနေဖြင့် ဖြောင့်မတ်မှန်ကန်စွာ တွေးခေါ် ဆင်ခြင် ဆုံးဖြတ်နိုင်စွမ်းမြင့်မားရန် လိုအပ်နေကြောင်း အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုပြန်သည်။
ယနေ့ ကျရောက်သည့် ၇၈ နှစ်မြောက် ရှမ်းပြည်နယ်နေ့အဖြစ် မင်းအောင်လှိုင်က ထိုသို့ သဝဏ်လွှာပေးပို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတည်ဆောက်ရေးအတွက် လူငယ်များ အပါ အဝင် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးသည် အသိပညာ၊ အတတ်ပညာ ထူးချွန်ရန်လိုအပ် သကဲ့သို့ ဖြောင့်မတ်မှန် ကန်စွာ တွေးခေါ် ဆင်ခြင် ဆုံးဖြတ်နိုင်စွမ်း မြင့်မာရေးလည်း လိုအပ်ကြောင်း၊ မိမိတို့အနေဖြင့် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းပြီး ထာ၀ရ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံအဖြစ် ဖော်ဆောင်လိုသည့် ရည်ရွယ်ချက်သာရှိကြောင်း မင်းအောင်လှိုင်က ဆိုသည်။
မင်းအောင်လှိုင်က လက်ရှိ အခြေအနေများကြောင့် အခြေခံအဆောက်အအုံများ ပျက်စီးခဲ့သည့်အတွက် တိုင်းရင်းသားပြည်သူများ ဆင်းရဲဒုက္ခရောက်ကြရသကဲ့သို့ နိုင်ငံတိုးတက်ရေးအတွက် အရေးပါသော လူ့စွမ်းအားအရင်းအမြစ်များ အဓိပ္ပာယ်မဲ့ပြုန်းတီးနေရသည်မှာ နိုင်ငံအင်အား လျော့နည်းလာခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးအနေဖြင့် တည်ငြိမ်းချမ်းရေးနှင့် ထာ၀ရငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ရာတွင် လေးလေးနက်နက် နားလည်သဘောပေါက်ပြီး ပူးပေါင်း ဆောင်ရွက်ကြရန် ထပ်မံတိုက်တွန်းလိုကြောင်း ပြောဆိုသည်။
အကြမ်းဖက် မင်းအောင်လှိုင်၏ စကားများနှင့် သဝဏ်လွှာများကို ကြည့်လျှင် ယခင်ကဲ့သို့ ချေမှုန်းမည်၊ နှိမ်နင်းမည်ဆိုသော စကားများအစား ငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်းရေးဆိုသော စကားရပ်များကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြောင်း၊ စစ်အာဏာသိမ်းစအချိန်က အပြတ်ချေမှုန်းမည်ဟု ကြွေးကြော်ခဲ့သော်လည်း နောက်ပိုင်း စစ်တပ်က အကျအဆုံးများပြီး နယ်မြေများ လက်လွှတ်လာရသည့်အတွက် အားမတန် မာန်လျှော့လာသည့် အခြေအနေများ မြင်တွေ့နေရကြောင်း မြန်မာ နိုင်ငံသတင်းမီဒီယာကောင်စီအဖွဲ့ဝင်ဟောင်း၊ ဝါရင့်သတင်းသမားတစ်ဦးက သုံးသပ်ပြောဆိုသည်။
“မင်းအောင်လှိုင်ရဲ့ အခုနောက်ပိုင်း ငြိမ်းချမ်းရေးစကားတွေ တောက်လျှောက် ပြောဆိုနေတာတွေကို ကြည့်ရတာ AA က ဧရာ၀တီတိုင်းထဲအထိ ရောက်လာလို့ လေသံပြောင်းလာတာလို့ ယူဆပါတယ်” ဟု ပြည်တွင်းတွင် ဆက်လက်နေထိုင်နေဆဲဖြစ်သော မြန် မာနိုင်ငံသတင်းမီဒီယာကောင်စီအဖွဲ့ဝင် ဟောင်းတစ်ဦးက သုံးသပ်ပြောဆိုသည်။
အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၏ ထုတ်ပြန်ချက်အရ ၄ နှစ်တာကာလအတွင်း မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၁၄၄ ခုကို တော်လှန်ရေးတပ်များက စိုးမိုးထိန်းချုပ်ထားကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar