30 C
Yangon

အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်မျဉ်းပေါ် အားပြုရပ်တည်နေရသဖြင့် တိုင်းရင်းသားတော်လှန်ရေးတပ်များအပေါ် အမြင် မတိမ်း စောင်းရန် NUG ယာယီသမ္မတ သတိပေး

Must read

အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်မျဉ်းပေါ် အားပြုရပ်တည်နေရသဖြင့် တိုင်းရင်းသားတော်လှန်ရေးတပ်များအပေါ် အမြင် မတိမ်း စောင်းရန် NUG ယာယီသမ္မတ သတိပေး

ရန်ကုန်၊ ဖေဖော်ဝါရီ ၈

စစ်အာဏာရှင်ကို တော်လှန်နေသော တိုင်းရင်းသားတော်လှန်ရေး မဟာမိတ်အဖွဲ့များမှာ အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်မျဉ်းပေါ်တွင် အားပြုကာ ရပ်တည်နေရသဖြင့် တိုင်းရင်းသား တော်လှန်ရေးတပ်များအပေါ် အမြင်မတိမ်းစောင်းရန် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ယာယီသမ္မတ ဒူဝါလရှီးလက ပန်ကြားသည်။

ယနေ့ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု – (CDM လှုပ်ရှားမှု) ၄ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားမှာတွင် ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ် သည်။

“တိုင်းရင်းသားမဟာမိတ်တွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ သဘောထားအမြင်တွေကို မတိမ်းစောင်းရအောင် အနည်းငယ် လက်တို့ သတိပေးချင်တာ ရှိပါတယ်။ အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း ကျွန်တော်တို့ နဲ့ အတူ ပူးပေါင်းလှုပ်ရှားနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်မဟာမိတ်‌တွေဟာ အိမ်နီးချင်းတွေရဲ့ နယ် စပ်မျဉ်းတွေပေါ်မှာ အားပြုပြီး ရပ်တည်နေကြရတာတွေ ရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ နိုင်ငံအပေါ် မှာ ကျရောက်တဲ့ ပထဝီနိုင်ငံရေး အကျပ်အတည်းကြားမှာ မြေဇာပင်မဖြစ်ရအောင် ဒေသတွင်း နိုင်ငံရေး ရာသီဥတုကို ကြည့်ပြီး တော်လှန်ရေး လီဗာ အဖိအဖော့ပြုလုပ်ကြရတာ ရှိပါတယ်။ ဒါကြောင့် တစ်ခါ တစ်ရံနည်းနာအရ အလှည့်အပြောင်းလုပ်ပြီး ကျင့်သုံးရတာတွေ ရှိနေတယ်လို့ နားလည်သဘောပေါက် ထားဖို့ လိုပါတယ်။ နည်းနာအရ အပြောင်းအလဲတွေ လုပ်တာဟာ ပန်းတိုင်နဲ့ ရည်မှန်းချက်ကို ပြောင်းလဲ ပစ်လိုက်တာ မဟုတ်ဘူးဆိုတာကိုလည်း ကျွန်တော်တို့ သတိချပ်ဖို့ လိုပါတယ်။” ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

အမျိုးသားညီညွတ်ရေးအစိုးရမှာ တော်လှန်ရေးအစိုးရ ဖြစ်သောကြောင့် တော်လှန်ရေးကို တော်လှန် ရေးနှင့် တူအောင် လုပ် ဆောင်ရပြီး အားသာချက်၊ အား နည်းချက် ဒွန်တွဲဖြစ်တည်နေကြောင်း၊ လုပ် ဆောင်ခဲ့သည့် တော်လှန်ရေးလုပ်ငန်းစဉ်များထဲတွင် အရေးကြီးလုပ်ဆောင်မှုခဲ့မှုများ ပါဝင်ကြောင်း၊ အရေး ပေါ်ဖြစ်စဉ်များအတွက် ဦးစားပေးလုပ်ခဲ့ရမှုများရှိကြောင်း၊ CDM ဝန်ထမ်းများ အပေါ် အပြည့်အဝ မကူညီနိုင်ခဲ့မှုများကို နားလည်ပေးရန်၊ ၄ နှစ်တိုင်တိုင် မလျှော့သော ဇွဲလုံ့လ ၊ မဆုတ် မနစ် ကြိုးစားအားထုတ်မှုများဖြင့် တိုက်ပွဲဝင်နေကြသည့် CDM သူရဲကောင်း အားလုံးကို ဦး ညွတ် ဂုဏ် ပြုအလေးပြုပါကြောင်း ၎င်းက ပြောဆိုသည်။

“တော်လှန်ရေး ခရီးလမ်းမှာ ပြည်သူကို အခြေခံတဲ့ လုပ်ငန်းတိုင်းဟာ အရေးကြီးတယ်ဆိုပေမယ့် အဲဒီ အရေးကြီးတဲ့ လုပ်ငန်း စဉ်အတွင်းကနေ ဦးစားပေးလုပ်ဆောင်ခဲ့ရတဲ့ လုပ်ငန်းစဉ်တွေ ရှိပါတယ်။ အထူး သဖြင့် ခုခံတော်လှန်ရေးကိစ္စမှာ အရေးပေါ်ဦးစားပေးလုပ်ဆောင်ရတာတွေ ရှိပါတယ်။ ဒါကြောင့် ကျွန် တော် တို့ အနေနဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်သူ အားလုံးအပေါ်မှာ လိုလေသေးမရှိ အပြည့်အဝ မကူညီနိုင် ခဲ့တာတွေ ရှိတယ်ဆိုတာကို ကျွန်တော် ဝန်ခံပါတယ်။ အဲဒီအတွက်လည်း ကျွန်တော်တို့ အစိုးရတစ်ဖွဲ့လုံး က ကိုယ့်ကိုယ်ကိုယ် အားမလို အားမရ ဖြစ်မိပါတယ်။ ကျွန်တော်တို့လည်း CDM လှုပ်ရှားမှုမှာ ဇွဲနပဲ သန် သန်နဲ့ ပါဝင်ခဲ့သူတွေ အားမလို အားမရဖြစ်တာလည်း ရှိကောင်းရှိမယ်လို့ ယူဆပါတယ်။ ဒါဟာ ကျွန် တော့်အနေနဲ့ ဆင်ခြေပေးနေတာ မဟုတ်သလို မျက်နှာလွှဲခဲပစ်လုပ်နေတာလည်း မဟုတ်ဘူးလို့ ပြော ချင်ပါတယ်။” ဟု ယာယီသမ္မတဒူဝါလရှီးလ ပြောကြားသည်။

ထို့ပြင် အမျိုသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် ဦးဆောင်၍ ပြည်သူ့ကာကွယ်ရေး အဖွဲ့- ပကဖ ၊ ပြည်သူ့အုပ် ချုပ်ရေးအဖွဲ့-ပအဖ ၊ ပြည်သူ့လုံခြုံရေးအဖွဲ့-ပလဖ ယန္တရားများ ပိုမိုကောင်း မွန် လာစေရန် ထိန်းကျောင်းပြုပြင်ပြောင်းလဲမှုကို စနစ်တကျလုပ်ဆောင်နေကြောင်း သမ္မတက အသိပေးပြောဆိုသွားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article