သရက်ချောင်းမြို့နယ်၊ ဂုံညင်းဆိပ် ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၆ ဦး သေဆုံးကာ တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦး ကျဆုံး
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ဂုံညင်းဆိပ် ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၆ ဦး သေဆုံးကာ တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးခဲ့ကြောင်း ဒေါင်းညီနောင်စစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၂၈ ရက်နေ့တွင် သရက်ချောင်းမြို့နယ်၊ ဝင်းဝကျေးရွာ၌ အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ် စခန်းမှ တပ်ချိန်းရန် ထွက်လာသော အင်အား ၇၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ချောင်းဝပြင်ရွာ၊ သရက်ပင်အိုင်ရွာနှင့် ရေချိုချောင်းရွာများကို ဖြတ်သန်း၍ ဂုံညင်းဆိပ်ရွာကို ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ရောက်ရှိကာ လာရောက် ကြိုဆိုမည့် စက်လှေကို စောင့်ဆိုင်း နေခဲ့ကြောင်း သိရသည်။
ထို့သို့ စက်လှေကို စောင့်ဆိုင်းနေစဉ် ဇန်ဝါရီလ ၃၀ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်ခန့်တွင် တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဗုံးသီးများ ကျဲချ၍ မြေပြင်မှလည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ထိတွေ့ တိုက်ပွဲသည် ယင်းနေ့ ည ၇ နာရီအထိ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်သား ၁၆ ဦး သေဆုံးကာ ၈ ဦး ဒဏ် ရာရရှိခဲ့ကြောင်း၊ ထို့ပြင် ကနက်သီရီ အရှေ့ပင်လယ်ရှိ အကြမ်းဖက် စစ်တပ် သင်္ဘောကလည်း တိုက်ပွဲ ဖြစ်ပွားပြီးနောက် ည ၁၀ နာရီအထိ ဂုံညင်းဆိပ် ကျေးရွာအတွင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“သင်္ဘောက ပစ်ကူပေးတာကတော့ တက်ပစ်လိုက် နားလိုက်ပစ်တာပါ။ ကနက်သီရီအရှေ့ပင်လယ် ပြင်ကနေ ပစ်ကူပေးတယ်။ ပြည်သူတွေကတော့ ရှောင်နေကြလို့ ထိခိုက်မှုမရှိဘူး။ နေအိမ်တွေတော့ ထိခိုက်ပျက်စီးမှုရှိပါတယ်။ စခတွေအားလုံး ကျောက်နီမော်ကို ဆုတ်သွားပါပြီ” ဟု ဒေါင်းညီနောင် စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တိုက်ပွဲအတွင်း သေဆုံးသွားသော စစ်သားအလောင်းများ၊ ဒဏ်ရာ ရသူများနှင့် ကျန်ရှိနေသော စစ်သားများကို စက်လှေအကြီးဖြင့် တင်ဆောင်ကာ ကျောက်နီမော်ကျေးရွာသို့ ပြန် လည်ဆုတ်ခွာသွားကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ထားဝယ်ခရိုင်တပ်ပေါင်းစု၊ ကစယ်ဒိုကျားအထူးတပ်ဖွဲ့၊ ပုတီးတစ်လုံး ပြောက်ကျားတပ်ဖွဲ့ နှင့် ဒေါင်းည်ီနောင်စစ်ကြောင်းတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ၁ ဦးကျဆုံးကာ ၃ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
![](https://yktnews.com/wp-content/uploads/2025/02/476185687_986524010241872_8684120822446907521_n.jpg)
![](https://yktnews.com/wp-content/uploads/2025/02/476167248_986524090241864_6930080922094564844_n.jpg)