35 C
Yangon

စစ်မှုထမ်းရမည့် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်းအမျိုးသားများအားလုံး ပြည်ပ အလုပ်လုပ်ခွင့် တရားဝင် ဆိုင်းငံ့ဟု စစ်ကောင်စီက ပြည်ပအလုပ်အကိုင်အေဂျင်စီများသို့ အသိပေးကြေညာ၊ အေဂျင်စီအများစု လုပ်ငန်းရပ်နား

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

စစ်မှုထမ်းရမည့် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်းအမျိုးသားများအားလုံး ပြည်ပသို့ သွားရောက် အလုပ်လုပ်ခွင့် တရားဝင် ဆိုင်းငံ့လိုက်ပြီဟု စစ်ကောင်စီက ပြည်ပအလုပ်အကိုင်အေဂျင်စီများကို တရားဝင် အသိပေးလိုက်ပြီး အေဂျင်စီအများစု လုပ်ငန်းရပ်နားလိုက်ကြောင်း ရန်ကုန်အခြေစိုက် ပြည်ပအလုပ်အကိုင်အေဂျင်စီတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၃၀ ရက်နေ့မှစတင်ပြီး အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသားများအားလုံးကို ပြည်ပအလုပ်လုပ်ခွင့် စတင်ဆိုင်းငံ့ခဲ့ပြီး ဖေဖော်ဝါရီလအတွင်းမှစတင်၍ ပြည်ပအလုပ်အကိုင်အေဂျင်စီများကို စစ်ကောင်စီလက်အောက်ခံ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက တရားဝင် အသိပေးလာခြင်းဖြစ်ကြောင်း သိရှိရသည်။

“အသက် ၁၈ နှစ်ကနေ အသက် ၃၅ နှစ်အတွင်း အမျိုးသား Demand Letter လက်ခံလို့မရတော့ပါဘူး။ ပြည်ပအလုပ်လုပ်ခွင့်လည်း လုံး၀ ဆိုင်းငံ့ထားပြီလို့ ပြောပါတယ်။ အမျိုးသမီးတွေတော့ ပြည်ပအလုပ် Demand Letter လက်ခံလို့ရပါတယ်။ အလုပ်သမားဦးစီးဌာနဘက်က တရားဝင် ပြောလာတာပါ” ဟု ရန်ကုန်အခြေစိုက် ပြည်ပအလုပ်အကိုင်အေဂျင်စီတာဝန်ရှိသူက ရှင်းပြသည်။

အကြမ်းဖက်စစ်ကောင်စီက ထိုသို့ အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသားများ ပြည်ပအလုပ်လုပ်ခွင့် ဆိုင်းငံ့မှုကြောင့် ပြည်ပအလုပ်အကိုင်အေဂျင်စီအများစု လုပ်ငန်းရပ်နားလိုက်ရကြောင်း သိရှိရသည်။

“ကျနော်တို့ကတော့ ဇန်နဝါရီလကုန် ကစပြီးပိတ်လိုက်ပါပြီ။ အတော်များများလည်းပိတ်ကုန်ပြီ။ တင်းကျပ်မှုတွေက တစ်ရစ်ပြီးတစ်ရစ် ကျပ်လာတယ်။ အဆိုးဆုံးကတော့ ၁၈-၃၅ နှစ် အမျိုးသားတွေကို ကန့်သတ်လိုက်တာအဆိုးဆုံးပဲ။ Demand တွေကအများကြီးလာတယ်။ ဒီဘက်ကမပို့နိုင်ကြတော့ဘူး။ ဒါကြောင့်ပြည်ပအလုပ်အကိုင်လုပ်ငန်းတွေကိုပိတ်လိုက်ကြတာ။ အမျိုးသမီးတွေကို ဆက်ပို့တဲ့သူလည်း ဆက်ပို့နေကြတယ်” ဟု ထိုင်းနိုင်ငံသို့ အလုပ်သမားတင်ပို့နေသည့် ပြည်ပအလုပ် အကိုင် အေဂျင်စီတာဝန်ရှိသူက ရှင်းပြသည်။

ပြည်ပသို့ အလုပ်သမားတင်ပို့ထားသည့် ပြည်ပအလုပ်အကိုင်အေဂျင်စီများအနေဖြင့် လစဉ် အလုပ် သမားများ၏ ပြည်တွင်းသို့ လွှဲပို့ငွေများကို အထောက်အထားများနှင့်တကွ ပြန်လည် တင်ပြရပြီး တင်ပြနိုင်ခြင်းမရှိပါက အကြမ်းဖက်စစ်ကောင်စီက အလုပ်သမားစေလွှတ်ခွင့် ယာယီဆိုင်းငံ့ခြင်း၊ ဒဏ်ရိုက်ခြင်းနှင့် လိုင်စင်ပိတ်သိမ်းခြင်းအထိ အရေးယူကြောင်း သိရှိရသည်။

“ဟိုဘက်ရောက်သွားတဲ့ အလုပ်သမားကို ကျနော်တို့က ထိန်းရမယ်။ ငွေလွှဲတဲ့အထောက်အထားတွေကိုလည်း တင်ပြရမယ်ဆိုတာကလည်း အေဂျင်စီတွေအတွက် အတော်ကို အဆင်မပြေဘူး။ အဲဒါကြောင့် အဲဒီအချက်နဲ့ငြိလို့ သူတို့ ကို မတင်ပြနိုင်လို့လည်း အေဂျင်စီ တော်တော်များများ ရပ်ကုန်တယ်” ဟု ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် လုပ်ငန်းရပ်နားခံလိုက်သည့် ပြည်ပအလုပ်အကိုင်အေဂျင်စီပိုင်ရှင်က ရှင်းပြသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article