ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၃ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရကာ ဘုန်းကြီးကျောင်းနှင့် စေတီပုထိုးများ ပျက်စီးခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။
ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့်တွင် ကျိုက်ထိုမြို့နယ်၊ ပိန္နဲကုန်းကျေးရွာရှိ ဘုန်းကြီးကျောင်းနှင့် ကျေးရွာထဲကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူ ၁၀ ဦးကျော်ထိမှန်ကာ ၃ ဦး သေဆုံးခဲ့ပြီး ဘုန်းကြီးကျောင်းနှင့် စေတီများ ပျက်စီးခဲ့ကြောင်း သိရသည်။
ထို့ပြင် ယင်းနေ့ မွန်းလွဲ ၁၂ နာရီနှင့် ညနေ ၄ နာရီ ကျော်ခန့်တွင်လည်း ကျိုက်ထိုမြို့နယ်၊ ကော်ကပ်ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ကော်ကပ်ကျေးရွာ စာသင်ကျောင်း အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
အလားတူ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကလည်း ဘီးလင်းမြို့နယ်၊ တဂေးလောင်းချောင်းဖျားကျေးရွာ ခရစ်ယာန်ဘုရားကျောင်းဝင်းနှင့် ကျေးရွာထဲကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးသီး ၂ လုံး ကျဲချ တိုက်ခိုက်ခြင်းကြောင့် ခရစ်ယာန်ဘုရားကျောင်း ၁ လုံးနှင့် ပြည်သူပိုင် နေအိမ် ၁၇ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါ ဗုံးကျဲမှုသည် ကျေးရွာစာသင်ကျောင်းများ၊ ခရစ်ယာန်ဘုရားကျောင်း၊ ဘုန်းကြီးကျောင်း၊ စေတီပုထိုးများနှင့် ပြည်သူ ပိုင်နေအိမ်များကို အကြမ်းဖက် စစ်တပ်က ပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar









