ပြည်အကျဉ်းထောင်တွင် ထောင်အာဏာပိုင်များက သေနတ်ဖောက်ပြီး နိုင်ငံရေးအကျဉ်းသားများကို ဝင်ရောက်ရိုက်နှက်မှု နိုင်/ကျဉ်း ၅ ဦး ဒဏ်ရာရ
ပဲခူးတိုင်း၊ ပြည်မြို့ အကျဉ်းထောင်တွင် ထောင်အာဏာပိုင်များက သေနတ်ဖောက်ကာ နိုင်ငံရေးအကျဉ်းသားများကို ရိုက်နှက်မှု ဖြစ်ပွားခဲ့ပြီး နိုင်ကျဉ်း ၅ ဦး ဖူးယောင်ဒဏ်ရာ၊ ဦးခေါင်းပေါက်ပြဲဒဏ်ရာ၊ ခြေထောက် ပေါက်ပြဲ ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့ကြကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ယနေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် ၇ နာရီခွဲ အချိန် ပြည်ထောင်တွင် စားရိပ်သာတာဝန်ခံ (ဖိုခေါင်း) အကျဉ်းသားလင်းထိန်က မည်သို့မျှအကြောင်းပြ ပြောဆိုခြင်းမရှိဘဲ နိုင်ငံရေးအကျဉ်းသားတစ်ဦးကို လက်သီးဖြင့် ထိုးခဲ့ကြောင်း၊ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်အကျဉ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော်ခန့်မှ မိန်းဂျေးရှေ့သို့ သွားရောက်ပြီး ထောင်မှူး(နှစ်ပွင့်အရာရှိ) ဦးကျော်အောင် ထံသို့ ကျူးလွန်သူ အကျဉ်းသား လင်းထိန်ကို အရေးယူပေးပါရန် ငြိမ်းချမ်းစွာတင်ပြတောင်းဆိုခဲ့ကြောင်း၊ သို့ရာတွင် အကျဉ်းထောင်ဗဟိုကင်းမှ သေနတ် ၂ ချက် ပစ်ဖောက်ခဲ့ပြီး အကျဉ်းထောင်ဝန်ထမ်း တစ်ပွင့်အရာရှိ တေဇာဝင်း ၏ အမိန့်ပေးစေခိုင်းမှုဖြင့် ထောင်အာဏာပိုင်များနှင့် ရာဇဝတ်အကျဉ်းသားများက နိုင်ငံရေးအကျဉ်းသားများကို ဝင်ရောက်ရိုက်နှက်ခဲ့ကြောင်း သိရှိရသည်။
အကျဉ်းဦးစီးဌာနမှ ဝန်ထမ်း ဥက္ကာမိုး အပါအဝင် ၂ ဦးနှင့် အခြားရာဇဝတ်အကျဉ်းသားများက ဝါးဆစ်တုတ်များ၊ သစ်သားတုတ်များ၊ ဓါးများကိုင်ဆောင်ပြီး နိုင်ငံရေးအကျဉ်းသားများကို ဝင်ရောက်ရိုက်နှက်ခဲ့ရာ နိုင်ငံရေးအကျဉ်းသား ၅ ဦး ဒဏ်ရာ အပြင်းအထန်ရရှိကြောင်း သိရှိရသည်။
“လက်ရှိအချိန်ထိတော့ ကျူးလွန်သူ အဓိက ကျူးလွန်သူဖြစ်တဲ့ လင်းထိန်ရယ်၊ အဲဒီဖြစ်စဉ်မှာ ထောင်အာဏာပိုင် တင်ပြနေစဉ်အတွင်းမှာ ဥပဒေမဲ့ ဝင်ရောက်ရိုက်နှက်ကြတဲ့ တခြားရာဇဝတ်အကျဉ်းသားတွေကိုတော့ အခုချိန်အထိ ထောင်အာဏာပိုင်တွေဘက်က အပြစ်ပေးအရေးယူတာမျိုးမရှိသေးဘူး”ဟု ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အဆိုပါဖြစ်စဉ်ကြောင့် နိုင်ငံရေးအကျဉ်းသား ၅ ဦး ဖူးယောင်ဒဏ်ရာ၊ ဦးခေါင်းပေါက်ပြဲဒဏ်ရာ၊ ခြေထောက် ပေါက်ပြဲ ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့ကြပြီး နိုင်ငံရေးအကျဉ်းသားများက မတရားဖိနှိပ်မှုမပြုရန်နှင့် ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက် အရေးယူပေးရန် ဆက်လက်တောင်းဆိုထားကြောင်း သိရှိရသည်။
“မတရားရိုက်နှက်ခံရတဲ့ ဖြစ်စဉ်အပေါ်မှာ လုံးဝလက်သင့်မခံဘဲနဲ့စောင့်ကြည့်မှုတွေ၊ ဒီလိုမျိုးကိစ္စတွေမှာ ပါဝင်ပတ်သက်နေတဲ့ ဝန်ထမ်းတွေက လွတ်မြောက်နေတဲ့ကိစ္စတွေ ဒီလိုအမိန့်ပေးစေခိုင်းတဲ့ လူတွေ ဒီအခြေအနေအားလုံးကို မျက်ခြည်မပြတ်စောင့်ကြည့်သွားမှာဖြစ်တယ်ဆိုတာကို ပြည် ထောင်တာဝန်ခံနဲ့ဘအကျဉ်းဦးစီးဝန်ထမ်းတွေကို အသိပေးလိုပါတယ်”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ဓာတ်ပုံ- အကျဉ်းထောင်အတွင်း အဓိကရုဏ်းနှိမ်နင်းရေး လေ့ကျင့်နေကြစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
