နောင်ချိုမြို့နယ်၊ ရွှေမုဌောရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု သီလရှင် ၁ ပါး ထိခိုက် ဒဏ်ရာရရှိပြီး ဘုန်းကြီးကျောင်းနှင့်နေအိမ် ၅ လုံး ပျက်စီး
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ရွှေမုဌောကျေးရွာ ဘုန်းကြီး ကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် သီလရှင် ၁ ပါး ထိခိုက် ဒဏ်ရာရရှိပြီး ဘုန်းကြီးကျောင်းနှင့် နေအိမ် ၅ လုံး ပျက်စီးခဲ့ကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၉ မိနစ်နှင့် ၃ နာရီ ၁၃ မိနစ်ခန့်တွင် နောင်ချိုမြို့နယ်၊ ရွှေမုဌောရွာရှိ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၁ စီးဖြင့် ဗုံးကျဲပြီး ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှု အတွင်း သီလရှင် ၁ ပါး ထိခိုက် ဒဏ်ရာရရှိပြီး ဘုန်းကြီးကျောင်း ၁ ကျောင်း ပျက်စီးကာ ကျောင်းအနီးပတ်ဝန်းကျင်ရှိ နေအိမ် ၅ လုံးလည်း ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။
“ဘုန်းကြီးကျောင်းကို တမင်ပစ်မှတ်ထားပြီးတိုက်ခိုက်တာ ထိတဲ့နေအိမ်တွေက ဘုန်းကြီး ကျောင်း ပတ်ဝန်ကျင်က နေအိမ်တွေပါ။ ဘုန်းကြီးကျောင်းတစ်ကျောင်းနဲ့ နေအိမ်က ၅ လုံးပျက်စီးတယ်။ အခု လို ဗုံးကျဲလို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကိုလည်း မထိဘူး။ ထောက်ပို့ရဲဘော်တွေလည်း မထိဘူး။ အဓိက ထိတာက ပြည်သူတွေပဲဖြစ်ပါတယ်” ဟု ဒေသ ပြည်သူတစ်ဦးက ပြောဆိုသည်။


