34 C
Yangon

တရုတ်နှင့် ဆက်နွှယ်နေသော မြန်မာ့စီးပွားရေးလုပ်ငန်းများတွင် အကျိုးစီးပွားပဋိပက္ခ ရှိမရှိနှင့် ပတ်သက်၍ မြန်မာဆိုင်ရာ ကုလအထူးကိုယ်စားလှယ်အား စုံစမ်းစစ်ဆေးရန် JFM တောင်းဆို

Must read

တရုတ်နှင့် ဆက်နွှယ်နေသော မြန်မာ့စီးပွားရေးလုပ်ငန်းများတွင် အကျိုးစီးပွားပဋိပက္ခ ရှိမရှိနှင့် ပတ်သက်၍ မြန်မာဆိုင်ရာ ကုလအထူးကိုယ်စားလှယ်အား စုံစမ်းစစ်ဆေးရန် JFM တောင်းဆို

ရန်ကုန်၊ မတ် ၉

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ဂျူလီဘိရှော့သည် တရုတ်နှင့် ဆက်နွှယ်နေသော မြန်မာ့စီးပွားရေးလုပ်ငန်းများတွင် အကျိုးစီးပွားပဋိပက္ခများ ရှိနေနိုင်သဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပေးရန် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ်ထံသို့ Justice for Myanmar အဖွဲ့က ယနေ့ကြေညာချက်ထုတ် တောင်းဆိုလိုက်သည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် ဂျူလီဘိရှော့သည် သြစတြေးလျားနိုင်ငံအခြေစိုက် Energy Transition Minerals (ETM) သတ္ထုတူးဖော်ရေးကုမ္ပဏီတွင် မကြာသေးမီက မဟာဗျူဟာ အကြံပေးဖြစ်လာခဲ့ပြီး၊ ဂရင်းလန်းဒေသရှိ မြေရှားသတ္တု တူးဖော်ရေးစီမံကိန်းတွင် ပါဝင်နေသော မြန်မာနိုင်ငံနှင့် ပတ်သက်မှုရှိနေသည့် အဆိုပါတရုတ်ကုမ္ပဏီတွင် အကြံပေးရန်အတွက် သူမအား ခန့်အပ်ခဲ့ခြင်းဖြစ်သည်

ထိုသို့ သတ္တုတူးဖော်ရေးကဏ္ဍတွင် ဂျူလီဘိရှော့၏ ပါဝင်ပတ်သက်မှုအပါအဝင် တရုတ်ကုမ္ပဏီများနှင့် ဆက်နွှယ်မှုများကြောင့် ဂျူလီဘိရှော့အနေဖြင့် သူမ၏ရာထူးနှင့် ဆက်စပ်သော အကျိုးစီးပွားပဋိပက္ခ ရှိ မရှိအပေါ်စုံစမ်းစစ်ဆေးရန် JFM ကတောင်းဆိုခဲ့ခြင်းဖြစ်သည်။

ETM ကုမ္ပဏီသည် မြောက်အမေရိကတိုက် Greenland ကျွန်းတွင် လုပ်ကိုင်နေသော ဒေသခံများနှင့် အငြင်းပွားဖွယ် ဖြစ်နေသည့် မြေရှားသတ္ထုတူးဖော်ရေး စီမံကိန်းအတွက် ဂျူလီဘိရှော့အား အကြံပေးရာထူးအဖြစ် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

ဂရင်းလန်းအနောက်တောင်ဒေသရှိ ETM ကုမ္ပဏီ၏ သတ္တုတူးဖော်ရေးစီမံကိန်းအား သဘာဝပတ်ဝန်းကျင်အရေးများကြောင့် ဒေသခံလူထုက ဆန့်ကျင်ခဲ့ကြပြီး၊ ၂၀၂၁ ခုနှစ်တွင်တော့ ဂရင်းလန်းအစိုးရက အဆိုပါယူရေနီယံ/မြေရှားတူးဖော်မှုအား ရပ်ဆိုင်းစေခဲ့သည်။

ထိုသို့လုပ်ငန်းရပ်ဆိုင်းရမှုကြောင့် ETM ကုမ္ပဏီသည် ဒိန်းမတ်နိုင်ငံတွင် တရားစွဲဆိုမှုမှတဆင့် လျော်ကြေးငွေအဖြစ် အမေရိကန်ဒေါ်လာ ၁၁.၅ ဘီလီယံကို တောင်းဆိုထားပြီး၊ ယင်းလျော်ကြေးပမာဏသည် ဂရင်းလန်းဒေသ ဂျီဒီပီ၏ ၄ ဆနီးပါးရှိသောကြောင့် ယင်းဆုံးဖြတ်ချက်အပေါ် ကျယ်ကျယ်လောင်လောင် ဝေဖန်မှုများထွက်ပေါ်လာခဲ့သည်။

ETM ကုမ္ပဏီသည် အဆိုပါစီမံကိန်းတွင် တရုတ် မြေရှားသတ္ထုတူးဖော်ရေးကုမ္ပဏီဖြစ်သည့် Shenghe Resources ကုမ္ပဏီနှင့် လက်တွဲလုပ်ကိုင်နေခြင်းဖြစ်ပြီး အဆိုပါ Shenghe Resources ကုမ္ပဏီသည် မြန်မာနိုင်ငံက မြေရှားသတ္ထုများ ရယူတင်သွင်းခဲ့နိုင်ကြောင်း JFM ကဆိုသည်။

ထို့ပြင် Shenghe Resources ကုမ္ပဏီသည် တရုတ်ကုမ္ပဏီကြီးဖြစ်သည့် တရုတ်ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးကုမ္ပဏီ (CCCC) နှင့်လည်း စီးပွားရေးလုပ်ငန်းများ ဆက်စပ်လုပ်ကိုင်နေပြီး၊ CCCC ကုမ္ပဏီသည် ၂၀၁၈ ခုနှစ် အငြင်းပွားဖွယ် ရန်ကုန်မြို့သစ်စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံတန်ဖိုးရှိ စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးထားသည့် ကုမ္ပဏီလည်းဖြစ်သည်။ စစ်အုပ်စုသည် ယင်းစီမံကိန်းကို ပြန်လည်စတင်ရန် စီစဉ်နေကြောင်း သတင်းများက ဆိုသည်။

မြန်မာကုမ္ပဏီမှတ်ပုံတင်ဌာနတွင် အနည်းဆုံး နောက်ထပ် CCCC ကုမ္ပဏီခွဲ နှစ်ခုရှိနေပြီး၊ ယင်းကုမ္ပဏီများမှာ Myanmar China Harbor Engineering Company Limited နှင့် China Road and Bridge (Myanmar) Company Limited တို့ ဖြစ်ကြသည်။

China Harbor Engineering ကုမ္ပဏီသည် စစ်ကောင်စီက ဆက်လက်လုပ်ဆောင်ရန် ကြိုးပမ်းနေသည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းတွင် ပါဝင်နေပြီး၊ China Road and Bridge ကုမ္ပဏီသည် ကရင်ပြည်နယ်ရှိ အိန္ဒု-ကော့ကရိတ်လမ်းပိုင်း အဆင့်မြှင့်တင်ခြင်းအတွက် ၂၀၁၆ ခုနှစ်တွင် ကန်ထရိုက်ရရှိခဲ့သည်။

Shenghe Resources သည် ETM ကုမ္ပဏီတွင် ပိုင်ဆိုင်မှု ၁၉.၉ ရာခိုင်နှုန်းနှင့် ETM ဘုတ်အဖွဲ့တွင် နေရာတစ်နေရာ ရရှိထားပြီး၊ ၎င်းတို့၏ ရှယ်ယာတန်ဖိုးယုတ်လျော့မှုကို ကာကွယ်ခွင့် (anti-dilution rights) ကိုလည်း ပိုင်ဆိုင်ထားသည်။

စစ်ကောင်စီအနေဖြင့် မြေရှားသတ္ထုတူးဖော်ရေး လုပ်ငန်းများမှ များပြားလှသော ငွေကြေးများရရှိနေနိုင်သဖြင့် မြန်မာရှိ တရုတ်သတ္တုကုမ္ပဏီများနှင့် ဆက်စပ်နေသည့် သြစတြားလျကုမ္ပဏီတွင် ဂျူလီဘိရှော့က အကြံပေးအဖြစ် ဝင်ရောက်လုပ်ကိုင်ခြင်းသည် မြန်မာ့အရေးတွင် ဘက်မလိုက်ဘဲ လုပ်ကိုင်ရမည့် ကျင့်ဝတ်ပိုင်းဆိုင်ရာ စောင့်ထိန်းလိုက်နာမှုနှင့်တာဝန်တို့ကို ထိခိုက်သွားစေခဲ့သည်ဟု JFM ကထောက်ပြဝေဖန်သည်။

ဂျူလီဘိရှော့၏ အခြားစီးပွားရေးချိတ်များ

===================

ဂျူလီဘိရှော့သည် ဩစတြေးလျပုဂ္ဂလိ ရေနံနှင့်သဘာဝဓါတ်ငွေ့ကုမ္ပဏီ Twinza Oil Limited အတွက် လော်ဘီလုပ်ပေးနေသူ ဖြစ်ကြောင်း တရားဝင်မှတ်တမ်းများက ဆိုသည်။

ယင်း Twinza Oil Limited ကုမ္ပဏီသည် မြန်မာနိုင်ငံ တနင်္သာရီကမ်းလွန်ရှိ ရဲတံခွန် အရှေ့လုပ်ကွက်အတွက် ၂၀၀၆ ခုနှစ်တွင် ယခင်စစ်အစိုးရနှင့် ထုတ်လုပ်မှုခွဲဝေရေးစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး၊ ကုမ္ပဏီ၏ ဘုတ်အဖွဲ့ဝင် Twinza တည်ထောင်သူ Bill Clough သည် ရပ်နားလိုက်ပြီဖြစ်သည့် စစ်ထောက်လှမ်းရေးနှင့် ဆက်နွှယ်ခဲ့သော Myanmar Times သတင်းစာတွင် အဓိကရင်းနှီးမြှုပ်နှံသူ ဖြစ်သည်။

ဂျူလီဘိရှော့သည် ပါပိုအာနယူးဂီနီရှိ ရွှေတွင်းကုမ္ပဏီ Summit Gold Limited အတွက်လည်း အကြံပေးအဖြစ် ၂၀၂၄ ခုနှစ်ကတည်းကလုပ်ကိုင်နေပြီး၊ မြန်မာနိုင်ငံရှိ တကောင်းနီကယ်တူးဖော်ရေး လုပ်ကိုင်နေသည့် တရုတ်နိုင်ငံပိုင် China Baowu Steel Group နှင့် စီးပွားရေးလုပ်ကိုင်နေသော Mineral Resources (MinRes) သြစတြေးလျား ကုမ္ပဏီတွင်လည်း အကြံပေးအဖြစ် လုပ်ကိုင်ခဲ့ဖူးကြောင်း JFM ၏ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဂျူုလီဘိရှော့က ဩစတြေးလျစတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီ ETM မှတဆင့် တရုတ်နိုင်ငံပိုင် ကုမ္ပဏီများနှင့် ပတ်သက်ဆက်နွှယ်မှုများကို Saturday Paper သတင်းစာက ပြီးခဲ့သည့်ရက်ပိုင်းက စတင်ရေးသား ဖော်ပြခဲ့ခြင်းဖြစ်ပြီး၊ ဂျူလီဘိရှော့၏ တရုတ်အစိုးရပိုင်ကုမ္ပဏီများ အပါအဝင် မြန်မာနိုင်ငံတွင် အကျိုးစီးပွားရှိနေသည့် ကုမ္ပဏီများစွာတွင် ပတ်သက်ဆက်နွှယ်‌နေမှုများသည် လက်ခံနိုင်ဖွယ်မရှိသည့် အကျိုးစီးပွားပဋိပက္ခကို ဖြစ်စေသောကြောင့် ယင်းအကျိုးစီးပွားပဋိပက္ခများကို အလုံးစုံ စုံစမ်းစစ်ဆေးရမည်ဟု Justice for Myanmar ကထုတ်ပြန်သည်။

Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “ဂရင်းလန်းက ဒေသခံ ပြည်သူတွေ ဆန့်ကျင်ကန့်ကွက်ထားတဲ့ တရုတ်ကျောထောက်နောက်ခံပြု သတ္တုတူးဖော်ရေးစီမံကိန်းအတွက် အကြံပေးအဖြစ် ခန့်အပ်တာအပါအဝင် ကုလသမဂ္ဂအထူး ကိုယ်စားလှယ် ဂျူလီဘိရှော့ရဲ့ စီးပွားရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အထူးစိုးရိမ်မိပါတယ်” ဟု ဆိုသည်။

ကုလသမဂ္ဂအထူးကိုယ်စားလှယ်နှင့် တရုတ်အစိုးရတို့ကြား စီးပွားရေးဆိုင်ရာ ဆက်နွှယ်မှုများအပေါ် စိုးရိမ်စရာများရှိနေသလို၊ အထူးကိုယ်စားလှယ်တာဝန်ကို ဂုဏ်သိက္ခာရှိရှိ ထမ်းဆောင်နိုင်စွမ်းအပေါ်မှာလည်း မေးခွန်းထုတ်စရာ ဖြစ်နေသည်ဟု သူမက ဆက်လက်ပြောဆိုသည်။

အထူးသဖြင့် ဂျီလီဘိရှော့ ပတ်သက်ဆက်နွှယ်နေသော ကုမ္ပဏီသည် မြန်မာစစ်တပ်နှင့် မသမာစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်သည့် သမိုင်းကြောင်း ရှိခဲ့သည့်အချက်က သူမရဲ့ အလုပ်တွေအတွက် ပိုမိုမေးခွန်းထုတ်စရာ ဖြစ်စေခဲ့သည်ဟု ဆိုသည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးအနေဖြင့် ဂျူလီဘိရှော့၏ စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုများအပေါ် စုံစမ်းစစ်ဆေးမှုတစ်ရပ် အရေးတကြီး လုပ်ဆောင်ရန်၊ ကုလသမဂ္ဂလုပ်ငန်းတာဝန်များ ဆက်ပြီးထမ်းဆောင်ရန် သင့် မသင့် အပေါ် ပြန်လည်သုံးသပ်ရန်နှင့် တွေ့ရှိချက်များအား ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ရန် တိုက်တွန်းတောင်းဆိုသည်ဟုလည်း မရတနာမောင်က ပြောကြားခဲ့သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article