ရန်ကုန်၊ မတ် ၁၂
ရန်ကုန်မြို့၊ မှော်ဘီမြို့နယ်တွင် စစ်မှုထမ်းရန် လူငယ်များကို အတင်းအဓမ္မ စုဆောင်းပေးနေသော ဝါးနက်ချောင်းစံပြရွာ အုပ်ချုပ်ရေးမှူးရုံးကို ၄၀ မမ ဗုံးသီး ဖြင့် ပစ်ခတ် တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း Civilian Military SRDF (အထူးစစ်ကြောင်း) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၁၁ ရက်နေ့ ည ၈ နာရီ ၄၁ မိနစ်ခန့်အချိန် မှော်ဘီမြို့နယ်၊ ဝါးနက်ချောင်း စံပြကျေးရွာ (ကျောက်တောင်စု) အုပ်ချုပ်ရေးမှူးရုံးတွင် တပ်စွဲထားသော အကြမ်းဖက် စစ်သား ၊ ပျူစောထီးများနှင့် အုပ်ချုပ်ရေးမှူးတို့ကို တော်လှန် ရေး ရဲဘော်များက ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှု အတွင်း အုပ်ချုပ်ရေးမှူးရုံးစောင့် ကာကင်းကို ထိမှန်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ တိုက်ခိုက်မှုသည် အကြမ်းဖက် စစ်ကောင်စီ အလိုကျ ပြည်သူ့စစ်မှုထမ်း အဓမ္မ ဥပဒေကို အသက်သွင်းနေသည့် စစ်ကောင်စီ ဒေါက်တိုင် ယန္တရားဖြစ်သောကြောင့် စစ်ရေး ပစ်မှတ်အဖြစ် လက်တုန့်ပြန် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“တိုက်ခိုက်မှုမှာ စစ်ခွေး ၂ ကောင်ထက်မနည်း ထိခိုက် ဒဏ်ရာရတယ်လို့ သိရတယ်။ စစ်ကောင်စီနဲ့ နောက်လိုက်တွေကို အသိပေးချင်ပါတယ်။ ပြည်သူတွေကို ဖိနှိပ်ဖို့ ကြိုးစားလေလေ ကျွန်တော်တို့ ရဲဘော်တွေက ပုံစံမျိုးစုံ နဲ့ ဝင်ရောက်လာပြီး ရတဲ့နည်းနဲ့တုန့်ပြန်မှာဖြစ်တယ်။ ဒီတိုက်ခိုက်မှုမှာလည်း ရန်သူ့ စခန်း ကိုက် ၁၀၀ အတွင်းထိ ဝင်ရောက်ပစ်ခတ်ခဲ့တာပါ။ နောက်ထပ်လည်း အခွင့်ရေးရရင်ရသလို ဆက်တိုက်သွားမှာပါ” ဟု Civilian Military SRDF (အထူးစစ်ကြောင်း) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
တိုက်ခိုက်မှုတွင်ပါဝင်သော ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်း မှ ဗိုလ်ကောက်ရိုးက မှော်ဘီမြို့နယ်၊ ဝါးနက်ချောင်းစံပြကျေးရွာရှိ ကျောက်တောင်စု အုပ်ချုပ်ရေးမှူးရုံးတွင် တပ်စွဲထားသော စစ်သား၊ ပျူစောထီးနှင့် အုပ်ချုပ်ရေးမှူး အဖွဲ့ဝင်များကို ၄၀ မမ ဗုံးလက်နက်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာတွင် စစ်သား ၂ ဦးထက်မနည်းသေဆုံးနိုင်ပြီး အုပ်ချုပ်ရေးမှူးရုံး ကာကင်းလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူကာကွယ်ရေးတပ်မတော် စစ်ဆင်ရေးတပ်ဖွဲ့ Civilian Military -SRDF နှင့် ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်းတို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တွင် မြို့ပြ စစ်ဆင်ရေးများ ဆက်လက် လုပ်ဆောင်နိုင်ရန်အတွက် အမေ့အိမ် By Sharing Is Caring Family ကမ်ပိန်းတွင် တော်လှန်ပြည်သူများ ပူးပေါင်း အားဖြည့်ပေးရန် မေတ္တာရပ်ခံကြောင်း Civilian Military SRDF (အထူးစစ်ကြောင်း) က မေတ္တာရပ်ခံထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
