ရန်ကုန်၊ မတ် ၁၂
တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်ရှိ ယုဇန ဆီအုန်းခြံတွင် အကြမ်းဖက် စစ်တပ်က ထောင်ထားသော မြေမြုပ်မိုင်းနင်းမိပြီး ပြည်သူ ၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ကော့သောင်းခရိုင်အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မတ်လ ၁၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ဘုတ်ပြင်းမြို့နယ်တွင် တော်လှန်ရေး ပူးပေါင်းအဖွဲ့များက R0 ဂိတ်တွင် ခရီးသွားပြည်သူများ လုံခြုံရေးအတွင် စနစ်တကျ စစ်ဆေးမှုများ ဆောင်ရွက်နေစဉ် ယုဇနဆီအုန်း ကုမ္ပဏီပိုင် ဧက ၃၀၀ လုပ်ကွက်ထဲမှ ပေါက်ကွဲသံ ထွက် ပေါ်ခဲ့ကြောင်း သိရသည်။
ပေါက်ကွဲမှုဖြစ်ပွားသည့် နေရာကို တော်လှန်ရေး တပ်ဖွဲ့များက သွားရောက် စစ်ဆေးစဉ် အကြမ်းဖက် စစ်တပ်က ထောင်ထားသော မြေမြုပ်မိုင်းနင်းမိပြီး ဆီအုန်းလုပ်သား အသက် ၅၂ နှစ်အရွယ် အမျိုးသမီး ၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ထိခိုက်ဒဏ်ရာရရှိသော အမျိုးသမီးကို တော်လှန်ရေး ပူးပေါင်းအဖွဲ့က လိုအပ်သော ဆေးဝါး အထောက်ပံ့များ ပြုလုပ်ပေးပြီး ဆေးရုံသို့ အချိန်မီ ပို့ဆောင်နိုင်ခဲ့ခြင်းကြောင့် လက်ရှိချိန်တွင် အသက် အန္တရာယ် စိုးရိမ်စရာမရှိတော့ကြောင်း သိရှိရသည်။
“ဒီနေ့ မွန်းလွဲ ၁၂ နာရီလောက်က ကျနော်တို့ ပူးပေါင်း အဖွဲ့တွေ R0 ဂိတ်မှာ ခရီးသွား ပြည်သူတွေကို စနစ်တကျ စစ်ဆေးမှုများ ဆောင်ရွက်နေစဉ် ပေါက်ကွဲသံတစ်ချက်ကြားလို့ လိုက်စုံစမ်းတာ ယုဇနဆီအုန်း ကုမ္ပဏီပိုင် ဧက ၃၀၀ လုပ်ကွက် ထဲကဖြစ်နေတယ်။ ဆီအုန်းအလုပ်သမားတွေက ဝင်ရောက် ပေါင်းခုတ်ရှင်းလင်းရင်း စစ်တပ်က ထောင်ထားတဲ့ မြေမြုပ်မိုင်း နင်းမိတာလို့သိရတယ်။ အသက် ၅၂ နှစ် အမျိုးသမီးတစ်ဦး မိုင်းနင်းမိတာ ခြေတောက် အရိုးပြတ် ကြေမွသွားတယ်။ ဒဏ်ရာရရှိသူကို ဆေးဝါးအထောက်အပံ့ပေးပြီး အချိန်မီ ဆေးရုံပို့ဆောင်ပေးလိုက်နိုင်တယ်။ အသက်အန္တရာယ် စိုးရိမ်စရာတော့ မရှိတော့ဘူး” ဟု ကော့သောင်းခရိုင်အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ယုဇနဆီအုန်း ကုမ္ပဏီပိုင်ခြံအတွင်း ကင်းပုန်းဝပ်ခြင်းများ လုပ်ဆောင်ပြီး မြေမြုပ်မိုင်း ၁၄ လုံး ထောင်ခဲ့ပြီး ပြန်လည် ရှင်းလင်းခြင်းမပြုလုပ်ဘဲ ထားရှိခဲ့သောကြောင့် ဆီအုန်း အလုပ်သမား ပြည်သူများ မိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

