ရန်ကုန်၊ မတ် ၁၃
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ် အကြမ်းဖက် စစ်တပ်က ပြည်သူ ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး ရုပ်အလောင်းများကို လမ်းဘေးတွင် စွန့်ပစ်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၁၂ ရက်နေ့ နံနက် အစောပိုင်း ၃ နာရီခန့်တွင် နတ်တလင်းမြို့နယ်၊ ရှားစေးဘိုရွာထိပ်၌ တောင်ညို ရဲစခန်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက အိမ်စီးကားဖြင့် ၎င်းတို့ ဖမ်းဆီးသတ်ဖြတ်ထားသော ပြည်သူ ၂ ဦး ၏ ရုပ်အလောင်းများတွင် အနက်ရောက်သေမင်တမန် အဖွဲ့ စာတန်းချိတ်ဆွဲပြီး လာရောက် စွန့်ပစ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
“ရှားစေးဘို ရွာထိပ်မှာ လူနှစ်ယောက်ကို အနက်ရောင်သေမင်းတမန်အဖွဲ့က သတ်ဖြတ်တယ်ဆိုပြီး ကတ်တွေချိတ်ဆွဲထားတဲ့ အလောင်း ၂ ကို စွန့်ပစ်သွားတယ်။ တောင်ညို ရဲစခန်းက စစ်ခွေးနဲ့ ရဲခွေးက အိမ်စီးကားနဲ့ နံနက် ၃ နာရီလောက်မှာ အလောင်းတွေကို လာချသွားတာ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ သတ်ဖြတ်ခံရသူ ၂ ဦးသည် PDF တပ်ဖွဲ့ဝင်များ မဟုတ်ဘဲ ကွင်းစမ်းကျေးရွာမှ ပြည်သူ ၁ ဦးနှင့် စောင်းဝှက်ကျေးရွာမှ ပြည်သူ ၁ ဦးဖြစ်ပြီး ဖြစ်စဉ် အသေးစိတ်ကို ဆက်လက် သိရှိနိုင်ရန် စုံစမ်းနေကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူက ပြောဆိုသည်။
“စစ်ခွေးတွေက PDF မို့ သတ်တာဆိုပြီး ထုတ်ပြန်ထားတာတွေ့တယ်။ ကျနော်တို့ ရဲဘော်တွေ ပျောက်ဆုံးနေတာလဲမရှိပါဘူး။ သေသွားတဲ့သူတွေက PDF ဘက်က မဟုတ်တာတော့ သေချာတယ်။ အရင်ကလည်း ပြည်သူတွေကို အခုလို ဖမ်းဆီးသတ်ဖြတ်ပြီး သေမင်းတမန်စာတန်းချိတ်ဆွဲပြီး လမ်းဘေးမှာစွန့်ပစ်နေတာတွေက သူတို့ လုပ်နေကျပါပဲ။ သေဆုံးသူတွေ အမည်နဲ့ဖြစ်စဉ် အသေးစိတ်ကို သိရှိနိုင်ဖို့ ကျနော်တို့ ဆက်လက် စုံစမ်းနေပါတယ်” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
