ရန်ကုန်၊ မတ် ၁၉
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ငတရော်ရွာကို အကြမ်းဖက် စစ်တပ်က စီးနင်း မီးရှို့ပြီး ပြည်သူများကို လက် နက်ကြီး၊ လက်နက်ငယ်များဖြင့် လိုက်လံပစ်ခတ်နေ၍ ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း Yesagyo Township Info Committee မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ နံနက် ၆ နာရီ ၃၀ မိနစ်ခန့်မှ စတင်၍ ငတရော်ရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဝင်ရောက် စီးနင်းပြီး ကျေးရွာအတွင်းနေအိမ်များကို မီးရှို့ဖျက်ဆီးကာ ရွာထဲမှထွက်ပြေးသည့် ပြည်သူများကိုလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်လိုက်လံ ပစ်ခတ်နေခြင်းဖြစ်ကြောင်း ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ငတရော်ရွာအပါအဝင် အနီးအနားရှိ ကျေးရွာများကိုပါ ရမ်းသမ်း ပစ်ခတ်နေခြင်းကြောင့် လက်ရှိချိန်တွင် ငတရော်ရွာ အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ထောင်နှင့်ချီသောပြည်သူများလည်း ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
ထိုသို့ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ၏ ရမ်းသမ်း ပစ်ခတ်မှုကြောင့် ပြည်သူများသည် တကွဲတပြား ထွက်ပြေးနေရ၍ ထိခိုက်သူရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
“မနေ့ ဘိစပ်ကုန်းရွာကို မီးရှို့ ဖျက်ဆီးခဲ့တဲ့ စစ်ခွေတွေက ဒီနေ့ မနက်မှာ ငတရော်ရွာကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်လာတာ နေအိမ်တွေကို မီးရှို့ ဖျက်ဆီးနေတယ်။ မီးရှို့နေတုန်းလည်း စစ်ခွေးတွေက လက်နက်ငယ်တွေနဲ့ မနားတမ်းကို ပစ်ခတ်နေတာ စစ်ခွေး စစ်ကြောင်းကြောင့် အနီးပတ်ဝန်းကျင် ကျေးရွာတွေကပါ။ ထောင်နဲ့ ချီတဲ့ ပြည်သူများ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်။ ပြည်သူတွေလည်း တကွဲတပြား ပြေးနေကြရတာဆိုတော့ ထိခိုက်မှု အခြေအနေတော့ မသိရသေးဘူး” ဟု Yesagyo Township Info Committee မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရေစကြိုမြို့နယ်ရှိ ကျေးရွာများကို ဆက်တိုက်မီးရှို့ပြီး ပြည်သူ ၁၈ ဦးကို ဖမ်းဆီးသတ်ဖြတ်ထားသော စစ်ကြောင်းဖြစ်ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar



