ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးကို ICC တရားရုံးက ဖမ်းဆီးစစ်ဆေးနေမှု မင်းအောင်လှိုင်နှင့်နေပြည်တော်မှ ဗိုလ်ချုပ်များ ထိတ်လန့်တုန်လှုပ်
ရန်ကုန်၊ မတ် ၂၀
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်း၀ရမ်းထုတ်ရန် ပြင်ဆင်နေသည့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး ICC ၏ လုပ်ရပ်များမှာ မှားယွင်းနေကြောင်း ကြံ့ဖွတ် ဥက္ကဋ္ဌ ခင်ရီက ထွက်၍ ပြောဆိုလာသည်။
ယမန်နေ့ ICC တရားရုံး၏လုပ်ရပ်များအပေါ် ကြံ့ဖွတ်ဥက္ကဋ္ဌ ခင်ရီ၏ သုံးသပ်ချက် ဗီဒီယိုကို စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ်များမှတစ်ဆင့် ထုတ်ပြန်လာပြီး ယင်းသုံးသပ်ချက်ဗီဒီယိုတွင် ကြံ့ဖွတ် ခင်ရီက ဖိလစ်ပိုင် သမ္မတဟောင်း ဒူတာတေးကို ဖမ်းဆီးတရားစွဲဆို စစ်ဆေးနေသော ICC တရားရုံး ၏ လုပ်ရပ်များသည် နိုင်ငံတစ်နိုင်ငံ၏ အချုပ် အခြာအာဏာကို ထိပါးသော မှားယွင်းသည့် လုပ်ရပ်များ ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုလာခြင်းဖြစ်သည်။
“ဖိလစ်ပိုင်သမ္မတဟောင်း မစ္စတာဒူတာဒေးကို Crime Against Humanity လို့ခေါ်တဲ့ စွဲချက်နဲ့ International Criminal Court ICC ရုံးချုပ်ရှိတဲ့ The Hague ကို ခေါ်ယူပြီးတော့ အဲဒီမှာ ကြိုတင် တရားစီရင်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ကာလဖြစ်ပါတယ်။ ကနေ့ ICC ရဲ့ တရားရေးဆိုင်ရာ လှုပ်ရှားမှု ကွင်းဆက်တွေကို လေ့လာကြည့်တဲ့အခါမှာ ကျနော်သီးခြားလေ့လာကြည့်တာမှာ နံပါတ် ၁ သူ့အဖွဲ့ဝင် မဟုတ်တော့တဲ့ နိုင်ငံမှာ သူက သွားပြီးတော့ တရားရေးရာအရ အကျိုးသက်ရောက်မှု ရအောင် ယူတယ်ဆိုတာ ဒါက မှားနေတယ်။ ဒီလို မှားယွင်းခြင်းသည် သက်ဆိုင်ရာနိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ထိခိုက်စော် ကားတာ ဖြစ်သလို ICC ရဲ့ မှားယွင်းသော လုပ်ရပ်အဖြစ် ကမ္ဘာမှာ မှတ်တမ်းတင်သွားနိုင်တာပေါ့” ဟု ကြံ့ဖွတ် ဥက္ကဋ္ဌ ခင်ရီက ပြောဆိုသည်။
ဖိလစ်ပိုင်တွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အမည်ခံ၍ လူအမြောက်အများ သတ်ဖြတ်ခဲ့သည့် ရာဇ၀တ်မှုဆိုင်ရာ စွပ်စွဲချက်များဖြင့် နိုင်ငံတကာရာဇ၀တ်တရားရုံး (ICC)က ဖမ်းဝရမ်းထုတ်ထားသော ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးကို ဖိလစ်ပိုင်အစိုးရက မတ်လ ၁၁ ရက်နေ့တွင် ဖမ်းဆီးပြီး နယ်သာလန်နိုင်ငံ၊ The Hague မြို့သို့ ပို့ဆောင်လိုက်ခြင်းဖြစ်ကာ ယခုအခါ ICC တရားရုံးက စစ်ဆေးမှုများ လုပ်ဆောင်နေပြီဖြစ်သည်။
ကြံ့ဖွတ် ခင်ရီက နိုင်ငံတစ်နိုင်ငံတွင် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ရသည့်အတွက် လူ့အခွင့်အရေး တန်းတူညီမျှရေးဖြင့် တစ်ဖက်သတ် စဉ်းစား၍ မရဘဲ တရားဥပဒေစိုးမိုးရေးနှင့် အချုပ်အခြာအာဏာကိုလည်း ဆောင်ရွက် ချိန်ထိုး ကြည့်ရှုရန်လိုအပ်ကြောင်း သုံးသပ်ပြောဆိုသည်။
“ကမ္ဘာ့ အင်အားကြီးနိုင်ငံတွေ အင်အားကြီး အဖွဲ့အစည်းတွေက လူ့အခွင့်အရေး တန်းတူညီမျှမှုတို့ ကို အဓိက ထားပြောနေသလို တစ်ဖက်ကလည်း နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာအာဏာ နိုင်ငံတစ်နိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်နေရတဲ့ အချက်ကို ချိန်ထိုးကြည့်ရှုဖို့ လိုတယ်လို့ ကျနော်မြင်တယ်။ တစ်ဖက်သတ် စဉ်းစားလို့တော့ အပြင်မှာ မရနိုင်ဘူး။ ကနေ့ အားမနာတမ်း ပြောရလို့ရှိရင် ICC ရဲ့ ဆောင်ရွက်ချက်တွေက ကျနော်လေ့လာကြည့်သလောက် အာဖရိကနဲ့ အာရှအပေါ်မှာ အကျိုးသက်ရောက်မှုရှိပြီးတော့ အချို့နိုင်ငံတွေ အပေါ်မှာ အကျိုးသက်ရောက်မှု မရှိဘူး။ Double Standard ဖြစ်နေတာပေါ့။ လိုတစ်မျိုး မလိုတစ်မျိုးဖြစ်နေသလားလို့လည်း သုံးသပ်ရမှာဖြစ်ပါတယ်” ဟု ခင်ရီက ဆိုသည်။
မတ်လ ၁၁ ရက်နေ့ ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးကို ICC တရားရုံးသို့ ဖမ်းဆီးပို့ဆောင်ခဲ့မှု သတင်းသည် ICC တရား ရုံး က ဖမ်း၀ရမ်းထုတ်ရန် ပြင်ဆင်နေသော မင်းအောင်လှိုင်နှင့်မိသားစုအပေါ် သက်ရောက်မှုများရှိခဲ့ပြီး ICC တရားရုံးက ဖမ်း၀ရမ်းထုတ်လျှင် ဖြစ်ပေါ်လာနိုင်သော အခြေအနေများနှင့်ပတ်သက်ပြီး မင်းအောင်လှိုင်က အစီရင်ခံစာ တင်ပြခိုင်းမှုများရှိကြောင်း၊ ဖိလစ်ပိုင်သမ္မတဟောင်းကို ICC တရားရုံးက ဖမ်းဆီးခဲ့မှုသည် မင်းအောင်လှိုင်နှင့် နေပြည်တော်မှ ဗိုလ်ချုပ်များအကြား ထိတ်လန့် စိုးရိမ် တုန်လှုပ်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
