29 C
Yangon

စစ်အာဏာရှင်စနစ်တစ်ခုလုံး ချေမှုန်း သုတ်သင်နိုင်ရေး တော်ရုံဇွဲသတ္တိ၊ တော်ရုံအားထုတ်မှုဖြင့် မရနိုင်ဘဲ အပင်ပန်းခံ၊ အဆင်းရဲခံနိုင်ရမည်ဟု NUG ယာယီသမ္မတ သတိပေး

Must read

ရန်ကုန်၊ မတ် ၂၆

မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၇၀ ကျော် အမြစ်တွယ်နေသည့် စစ်အာဏာရှင်စနစ်တစ်ခုလုံး ချေမှုန်း သုတ်သင်နိုင်ရေးမှာ တော်ရုံဇွဲသတ္တိ၊ တော်ရုံအားထုတ်မှုဖြင့် မရနိုင်ဘဲ အပင်ပန်းခံ၊ အဆင်းရဲခံနိုင်ရမည်ဖြစ်ကြောင်း အမျိုး သားညီညွတ်ရေးအစိုးရ- NUG ယာယီသမ္မတ ဒူဝါလရှီးလက သတိပေးပြောဆိုသည်။

ယနေ့ ပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၏ ၉/၂၀၂၅ အစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း သတိပေးလာခြင်းဖြစ်သည်။

တော်လှန်ရေးရဲဘော်များအနေဖြင့် နှစ်ပေါင်းများစွာ အမြစ်တွယ်နေသော စစ်အာဏာရှင်စနစ်ကို ချေမှုန်းရန်မှာ စိတ်နှင့်ခန္ဓာ မာကြောနေရမည်ဖြစ်ပြီး အပင်ပန်းခံ၊ အဆင်းရဲခံရဲရမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“ကျနော် တို့ဟာ အပင်ပန်းခံရဲရမယ်၊ အဆင်းရဲခံနိုင်ရမယ်၊ ကျနော်တို့ရဲ့ စိတ်နဲ့ ခန္ဓာဟာ ကျဉ်းထဲကျပ်ထဲမှာ “ထုသားပေသား” ကျအောင်၊ မာကြောနေရမှာ ဖြစ်ပါတယ်။ နှစ်ပေါင်း ၇၀ ကျော်ကြာ အမြစ်တွယ် နေတဲ့ စစ်အာဏာရှင်စနစ်တစ်ခုလုံးကို ချေမှုန်းသုတ်သင်နိုင်ဖို့ ဆိုတာမှာ၊ တော်ရုံ ဇွဲသတ္တိနဲ့ မရသလို၊ တော်ရုံ အားထုတ်မှုမျိုးနဲ့လည်း မရနိုင်ဘူး “ ဟု ယာယီသမ္မတ ဒူဝါလရှီးလက သတိပေးပြောဆိုသည်။

ထို့ပြင် နွေဦးတော်လှန်ရေး သည် လူထု တော်လှန်ရေးဖြစ်ပြီး လူထု၏ ယုံကြည်သက်ဝင်မှုက အဓိက ကျကြောင်း၊ တော်လှန်ရေး အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းသည် ဦးဆောင်ဦးရွက်ပြုနေသူများ၏ အရည်အချင်း၊ စွမ်းရည်နှင့် အမြော်အမြင်အပေါ် မူတည်နေကြောင်း၊ လူထုက လက်ခံလာစေရေး လုပ်ရပ်ဖြင့်သာ သက်သေ ပြရမည်ဖြစ်ကြောင်း ယာယီသမ္မတက ဆက်လက်ပြောဆိုသည်။

“အခုဆိုရင် ကာကွယ်ရေးဝန်ကြီးနဲ့ အခြားဝန်ကြီးတွေဟာ မြေပြင်မှာ လူထုနဲ့ တစ်သားတည်း ဦးဆောင်နေတာဖြစ်ပါတယ်။ အဲသည့်လို တွေ့မြင်ရလို့လည်း ကျွန်တော့်အနေနဲ့ လေးစား ဂုဏ်ယူမိပါတယ်။ ဒီလို ကျနော်တို့ အင်အားတွေ မြေပြင်မှာ ပိုမိုအခြေပြု လာနိုင်တာကို ပြည်သူလူထုက တွေ့မြင်နေရင် ပိုမိုအားတက်လာကြမှာ အမှန်ဖြစ်ပါတယ်။ လက်ရှိ အခြေအနေမှာဆိုရင် မြေပြင်မှာ ကျနော်တို့ရဲ့ သွားလာလှုပ်ရှားနိုင်မှု တွေဟာ သုံးလေးငါးရက် ခရီးသွားရင်တောင် ကုန်အောင် မရောက်နိုင်တဲ့အထိ နယ်မြေတွေ ကျယ်ဝန်းလာပြီဖြစ်ပါတယ်။ လက်တွေ့မြေပြင်မှာလည်း ရန်သူက တိုးမပေါက်နိုင် လောက်အောင် ခုခံကာကွယ်နိုင်တဲ့အထိ အခြေအနေတွေ ကောင်းမွန်လာပြီ ဖြစ်ပါတယ်။ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်မှာ မြေပြင်ပေါ် လက်တွေ့ အင်အားတွေ တည်ဆောက်နိုင်ခြင်းဟာ အဓိက အခရာဆိုတာ မေ့ထားလို့ မရပါဘူး” ဟု ယာယီသမ္မတ ဒူဝါလရှီးလက ဆက်လက်ပြောကြားသည်။

NUG အနေဖြင့် တော်လှန်ရေးမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် စုဖွဲ့မှု ပိုမိုအားကောင်းလာသည်နှင့်အမျှ ပြည်သူလူထု၏ ယုံကြည်မှုများ ပိုမို တိုးပွားလာမည်ဖြစ်ကြောင်း ၎င်းက ထုတ်ဖော်ပြောဆိုသွားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article