27 C
Yangon

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ အရှိန်မြှင့်နေပြီး အမိန့်ပေးစေခိုင်းသူ နှင့်လုပ်ဆောင်သူများကို အရေးယူနိုင်ရေး ကြိုးပမ်းနေဟု IIMM ပြော

Must read

🟥 ကယန်းအမျိုးသားနေ့တွင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ကယန်းပြည်သစ်ပါတီက ကန့်ကွက်ရှုတ်ချ

ရန်ကုန်၊ ဧပြီ ၁၁

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ အရှိန်မြှင့်လာကြောင်း ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးယန္တရား IIMMက သတင်းထုတ်ပြန်ပြောဆိုလိုက်သည်။

လွန်ခဲ့သော နှစ်နှစ်တွင်၊ မြန်မာစစ်တပ်သည် စစ်ကိုင်းတိုင်းဒေသကြီးရှိ ပဇီကြီးကျေးရွာကို လေကြောင်းမှတိုက် ခိုက်ခဲ့ရာ ကလေးများအပါအဝင် အနည်းဆုံး လူပေါင်း ၁၅၅ ဦး သေဆုံးခဲ့ကြောင်း၊ ယင်းဖြစ်ရပ်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်တပ်က အရပ်သားအစိုးရကိုဖြုတ်ချပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် အသေအပျောက်အများဆုံး တိုက်ခိုက်မှုတစ်ရပ်ဖြစ်ကြောင်း၊ ဒရုန်းများအသုံးပြုခြင်းနှင့် အချို့ကစွပ်စွဲထားသလို ဓာတုလက်နက်အသုံးပြုခြင်းများအပါအဝင် ဝေဟင်မှဗုံးကြဲတိုက်ခိုက်မှုများသည် မြန်မာနိုင်ငံမှ ပဋိပက္ခ၏ ကြောက်မက်ဖွယ်အင်္ဂါရပ်တစ်ခုဖြစ်ပြီး၊ ပဇီကြီးတိုက်ခိုက်မှုနောက်ပိုင်း အကြိမ်ရေတိုးမြင့်လာကြောင်း IIMM က ဆိုသည်။

မတ်လအတွင်း ငလျင်လှုပ်ခတ်မှုအပြီး အသက်ရှင်ကျန်ရစ်သူများကို ကယ်ဆယ်ရေးသမားများက ရှာဖွေနေစဥ်မှာပင် မြန်မာစစ်တပ်သည် မန္တလေး၊ စစ်ကိုင်းနှင့် အခြားဒေသများတွင် လေကြောင်းတိုက်ခိုက်မှုများဆက်လက်လုပ်ဆောင်ခဲ့သောကြောင့် အရပ်သားများ ထိခိုက်သေဆုံးခဲ့ကြကြောင်း သိရှိရသည်။

“ဒီနှစ်ပိုင်းမှာ မြန်မာစစ်တပ်က နိုင်ငံအနှံ့လေကြောင်းတိုက်ခိုက်မှုတွေကို စနစ်တကျနဲ့ အရှိန်မြှင့်လုပ်ဆောင်လာတာကြောင့် သေဆုံးမှုတွေ၊ ပျက်စီးမှုတွေ၊ နေရပ်စွန့်ခွာမှုတွေ ပျံ့နှံ့ဖြစ်ပွားပြီး လူမှုအသိုင်းအဝိုင်းတွေကို အကြမ်း ဖက်မှုတွေ ဖြစ်ခဲ့ပါတယ်။ ပြည်သူတွေက ဒီတိုက်ခိုက်မှုတွေရဲ့ဒဏ်ကို သွယ်ဝိုက်စွာခံစားရတာ မဟုတ်ဘဲ၊ များသော အားဖြင့် ပစ်မှတ်ထားပြီးတိုက်ခိုက်တာကို ခံနေရပါတယ်။ ကျောင်းတွေ၊ ဆေးရုံ၊ ဆေးခန်းတွေနဲ့ ဒုက္ခ သည် စခန်းတွေ၊ ဖျော်ဖြေပွဲတွေ၊ ဘုရားကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေအပြင် ဂီတဖျော်ဖြေပွဲလိုမျိုး လူစုလူဝေးတွေမှာ ဗုံးကြဲခံခဲ့ရတယ်။” ” ဟု မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား၏ အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန် က ပြောသည်။

အရပ်သားများကို မရှောင်ရှားဘဲ ပစ်မှတ်ထားသောတိုက်ခိုက်မှုများသည် စစ်ရာဇဝတ်မှု နှင့်/သို့မဟုတ် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအဖြစ် သတ်မှတ်ခံရနိုင်ကြောင်း၊ ယန္တရားသည် ကျူးလွန်ခဲ့သော ရာဇဝတ်မှုများ၏ သဘောသဘာဝကို သတ်မှတ်နိုင်ရန်နှင့် အဓိကတာဝန်ရှိသူများကို ဖော်ထုတ်နိုင်ရန် စုံစမ်းစစ် ဆေးမှုများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိနေကြောင်း IIMM က ဆိုသည်။

“ယန္တရားက ဒီရက်စက်ကြမ်းကြုတ်တဲ့တိုက်ခိုက်မှုတွေအကြောင်း အထောက်အထားတွေကိုစုဆောင်းပြီး စိစစ်သုံးသပ်နေတယ်ဆိုတာ ဒီတိုက်ခိုက်မှုတွေကျူးလွန်ဖို့အတွက် အမိန့်ပေးစေခိုင်းသူတွေနဲ့ လုပ်ဆောင်နေသူတွေကို သိစေချင်ပါတယ်။ တစ်နေ့မှာ သူတို့ကျူးလွန်တဲ့ရာဇဝတ်မှုတွေအတွက် တရားရုံးမှာအမှုရင်ဆိုင်ရစေဖို့ ကျနော်တို့ ကြိုးပမ်းဆောင်ရွက်နေပါတယ်” ဟု နီကိုလတ်စ်ခွန်ဂျန်က ဆက်လက် ပြောကြားသည်။

ထို့ပြင် ၂၅ ကြိမ်မြောက် ကယန်းအမျိုးသားနေ့ဖြစ်သော ယမန်နေ့ ညပိုင်း ဖယ်ခုံမြို့နယ် သိကျိတ်ကျေးရွာကို စစ်တပ်က ဗုံးကျဲချခြင်းကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချလိုက်ပြီး ထပ်မံကျူးလွန်ပါက ဖြစ်ပေါ်လာမည်ကိစ္စရပ်အလုံးစုံကို တာဝန်ခံမည်မဟုတ်ဟု ကယန်းပြည်သစ်ပါတီက ယနေ့ သတိပေးချက်ထုတ်ပြန်သည်။

ယမန်နေ့ ဧပြီလ ၁၀ ရက်နေ့ည ၁၁ နာရီ ၄၅ မိနစ်အချိန် ၂၅ ကြိမ်မြောက် ငွေရတုကယန်းအမျိုးသားနေ့ကျင်းပရာ သိကျိတ် ကျေးရွာ လူနေအိမ်အတွင်း ပစ်မှတ်ထား၍ ပေါင် ၂၀၀ ဗုံးကျဲချခဲ့ခြင်းဖြစ်ကြောင်း၊ ငလျင်ဘေးဒဏ်ကို အကြောင်း ပြု၍ အကြမ်းဖက်စစ်ကောင်စီက အပစ်အခတ်ရပ်စဲကြောင်း ကြေညာထားသည့် အချိန်ကာလအတွင်း ကယန်းအမျိုးသားတို့၏ နေ့ထူးနေ့မြတ်အခမ်းအနားကျင်းပရာ သိကျိတ်ကျေးရွာကို ဗုံးကျဲတိုက်ခိုက်မှု သည် စစ်ရာဇဝတ်မှုကျူးလွန်သည့်အပြင် တိုင်းရင်းသားလူနည်းစုအခွင့်အရေးဆိုင်ရာ နိုင်ငံတကာစံနှုန်းသတ်မှတ်ချက်များကို ဗြောင်အတိအလင်းချိုးဖောက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်တပ်၏ သိကျိတ်ကျေးရွာကို ဗုံးကျဲတိုက်ခိုက်ခြင်းသည် ကယန်းပြည်သစ်ပါတီ ဗဟိုစည်းဧရိယာအတွင်းဖြစ်သည့်အားလျော်စွာ ၁၉၉၄ ခုနှစ် အပစ်အခတ်ရပ်စဲသည့် သဘောတူညီချက်များကို အတိအလင်းချိုးဖောက်ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီကိုယ်တိုင် ကြေညာချက်ထုတ်ပြန်ထားသည့် တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲကြောင်း ထုတ်ပြန်ချက်ကို ကိုယ်တိုင် ချိုးဖောက်ကျူးလွန်သည့်အတွက် ကယန်း ပြည်သစ်ပါတီက ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချထားသည်။

ထို့ပြင် စစ်မဲ့ဇုန်ဖြစ်သည့် ကယန်း ပြည်သူများ နေထိုင်ရာ ကျေးရွာများအတွင်း ဗုံးကျဲတိုက်ခိုက်ခြင်း၊ ကယန်းအမျိုးသားစာပေယာဉ်ကျေးမှု ဝိသေသလက္ခဏာ အမျိုးသားရေးဆိုင်ရာများကို ဖော်ထုတ်သည့် လှုပ်ရှားမှုများကို အထက်ပါ ဖြစ်စဉ်မျိုး ထပ်မံကျူးလွန်ပါက ဖြစ်ပေါ်လာမည့် ကိစ္စများကို ကယန်းပြည်သစ်ပါတီက တာဝန်ခံမည်မဟုတ်ကြောင်း ကယန်းပြည်သစ်ပါတီက သတိပေးထားသည်။

ဓာတ်ပုံ – ဧပြီလ ၉ ရက်နေ့ ဝန်းသိုမြို့နယ်၊ နမ်းခမ်းရွာကို စစ်တပ်က လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်မှု ကလေးငယ်များ အပါအဝင် ပြည်သူ ၂၀ ကျော် သေဆုံးခဲ့စဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ဧပြီလ ၉ ရက်နေ့ ဝန်းသိုမြို့နယ်၊ နမ်းခမ်းရွာကို စစ်တပ်က လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်မှု ကလေးငယ်များ အပါအဝင် ပြည်သူ ၂၀ ကျော် သေဆုံးခဲ့စဉ်
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article