ရန်ကုန်၊ ဧပြီ ၁၆
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ က+ခရပ်ကွက်တွင် လူငယ်များကို စစ်မှုထမ်းမလား (သို့မဟုတ်) ငွေပေး၍ လူစားထိုးမလားဟုဆိုကာ တစ်အိမ်ထောင်လျှင် ငွေကျပ် ၅ သောင်း ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က လစဉ်ကောက်ခံလျက်ရှိကြောင်း အဆိုပါရပ်ကွက်နေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၆ ရက်နေ့တွင် အင်းစိန်မြို့နယ်၊ (က+ခ) ရပ်ကွက်တွင် စစ်မှုထမ်းဆိုင်ရာ အစည်းအဝေးတစ်ရပ် ဆင့်ခေါ်ခဲ့ပြီး ယခုလအတွင်း ဖွင့်လှစ်မည့် စစ်မှုထမ်း အပတ်စဉ် ၁၂ အတွက် လူငယ်များ ရွေးချယ်ရန် မဲနှိုက် မဲဖောက်သည့် စနစ်ကို အသုံးပြုမည်လော (သို့မဟုတ်) ငွေစု၍ လူစားထိုးသည့်စနစ်ကို အသုံးပြုမည်လောဟု အုပ်ချုပ်ရေးမှူးက မေးလာကြောင်း၊ အကယ်၍ လူစားထိုးသည့် စနစ်ကို အသုံးပြုမည်ဆိုပါက ငွေကြေးထည့်ဝင်ရမည်ဟု ပြောဆိုကြောင်း သိရှိရသည်။
ယင်းနောက် (က+ခ) ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က ဧပြီလ ၉ ရက်နေ့တွင် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၅ သောင်းကောက်ခံလာကြောင်း၊ အခြားသော လမ်းများတွင် စစ်မှုထမ်းကြေးအဖြစ် တစ်လလျှင် အိမ်ထောင်စု တစ်စု ငွေကျပ် တစ်သောင်းခွဲမှ နှစ်သောင်းဝန်းကျင်သာ ကောက်ခံသော်လည်း (က+ခ) ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ၅ သောင်းအထိ ကောက်ခံလာခြင်းဖြစ်ကြောင်း သိရှိရသည်။
“အစည်းအဝေးမှာ လူငယ်တွေကို မဲနှိုက်စနစ်သုံးမလား အစားထိုးဖို့လူထည့်မလားစပြောပါတယ် ။ ပြည်သူတချို့ကလည်း သူ့တို့ သားသမီးကိုယ့်သားသမီး မဲနှိုက်လို့ ပေါက်သွားကြရင်စိတ်မကောင်းဖြစ်ကြမယ်။ ရှေ့အပတ်စဥ်တခြား လမ်းတွေမှာ အုပ်ချုပ်ရေးမှူး အစီအစဉ်နဲ့ လူစားထိုးဖို့ရတယ်ဆိုတော့ လူစားထိုးမယ်ပြောကြတာပေါ့။ အဲဒီမှာ အုပ်ကြီးကတော့ လူရှာဆိုသူတို့ ရှာပေးပါမယ်။ အစားထိုးအတွက် ငွေသူမကောက်ပါဘူး။ မကိုင်ပါဘူး။ ရပ်မိရပ်ဖတွေကပဲ လုပ်ပါဆိုပြီး ဧပြီလ ၉ ရက်နေ့မှာ တစ်အိမ်ကို ၅သောင်းထည့်ဖို့ လိုက်ကောက်တယ်။ ၅သောင်းဆိုတဲ့ ပမာဏက များလွန်းလှပါတယ်။ တခြားလမ်းတွေ ၁သောင်းခွဲ ၂သောင်း ထည့်ရတာ။ ကိုယ်မထည့်ရင် ကိုယ့်အိမ်ပြဿနာရှာမှာစိုးလို့ ထည့်လိုက်ရတယ်” ဟု (က+ခ) ရပ်ကွက် ပြည်သူတစ်ဦးက ပြောဆိုသည်။
လတ်တလော အင်းစိန်မြို့နယ်တွင် လူငယ်များကို ညပိုင်း အုပ်ချုပ်ရေးနှင့်ရဲတပ်ဖွဲ့က ပေါ်တာဆွဲ ဖမ်းဆီးမှုများ၊ ဧည့်စာရင်း စစ်ဖမ်းဆီးမှုများနှင့် စစ်မှုထမ်းရန် ဆင့်ခေါ်မှုများ များပြားနေကြောင်း အင်းစိန်မြို့နယ်မှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
