ရန်ကုန်၊ ဧပြီ ၃၀
အမေရိကန်သမ္မတထရမ့်၏ အာဏာရယူပြီး ရက် ၁၀၀ သက်တမ်းအတွင်း ဖမ်းဆီးခဲ့သော ရွှေ့ပြောင်းနေထိုင်သူ ရာဇဝတ်တရားခံ ၁၀၀ ဦး၏ ဓာတ်ပုံများကို အိမ်ဖြူတော်တွင် ခင်းကျင်းပြသထားပြီး မြန်မာနိုင်ငံသား ၃ ဦးပါဝင်ကြောင်း အမေရိကန်အိမ်ဖြူတော်၏ ဧပြီလ ၂၈ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အမေရိကန်သမ္မတထရမ့်က ၎င်း၏ ဒုတိယအကြိမ် ပြန်လည် ရွေးကောက်ခံရသည့် သမ္မတသက်တမ်းရက် ၁၀၀ အတွင်း အမေရိကန်နိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်သူများအနက်မှ ရာဇဝတ်မှု ကျူးလွန်သူ တရားခံများကို ဖမ်းဆီး သက်ဆိုင်ရာ မိခင်နိုင်ငံများသို့ ပြန်ပို့ခြင်း၊ ဖမ်းဆီးချုပ်နှောင်ခြင်းကဲ့သို့သော တင်းကျပ်သော မူဝါဒဖြင့် ဆောင် ရွက်ခဲ့ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ဖမ်းဆီးခဲ့သော ရာဇဝတ်မှု ကျူးလွန်သူ တရားခံအများအပြားအနက်မှ ၁၀၀ ဦး၏ ရုပ်ပုံများနှင့် ၎င်းတို့ကျူးလွန်ခဲ့သော ပြစ်မှုများကို ဓာတ်ပုံများ ထုတ်ဝေကာ အိမ်ဖြူတော်တွင် ခင်းကျင်းပြသထားကြောင်း သိရှိရသည်။
အဆိုပါ ရွှေ့ပြောင်း ရာဇဝတ်တရားခံ ၁၀၀ ဦးတွင် မြန်မာနိုင်ငံသား ၃ ဦး ပါဝင်ပြီး နံပါတ် အမှတ်စဉ် ၅၉ အဖြစ် မြန်မာနိုင်ငံသား တေမြင့် ၊ အမှတ်စဉ် ၇၇ အဖြစ် မြန်မာနိုင်ငံသား Thang Lam KAP ၊ အမှတ်စဉ် ၈၂ အဖြစ် မြန်မာနိုင်ငံသား Samuel LUNG-Sein တို့ဖြစ်ကြောင်း သိရှိရသည်။
အသက် ၅၃ နှစ်အရွယ် မြန်မာနိုင်ငံသား တေမြင့် သည် တက္ကဆက်ပြည်နယ်တွင် ကလေးသူငယ်အပေါ် အကြီးစားလိင်ပိုင်းဆိုင်ရာ စော်ကားမှုဖြင့် ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် ၁၂ နှစ် ကျခဲ့ရသူဖြစ်ကြောင်း၊ အမေရိကန် လူဝင်မှုကြီးကြပ်ရေး ICE Dallas က ၂၀၂၅ ခုနှစ်၊ မတ်လ ၃ ရက်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း၊ တေမြင့်ကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့စွဲဖြင့် နိုင်ငံထဲမှ ထုတ်ပယ်ရန် အမေရိကန်တရားရုံးက အမိန့်ချမှတ်ထားကြောင်း သိရှိရသည်။
ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားတစ်ဦးမှာ Samuel LUNG-Sein ဖြစ်ပြီး မုဒိမ်းမှုဖြင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံထားရကြောင်း၊ ၎င်းကို အမေရိကန်လူဝင်မှုကြီးကြပ်ရေး ICE Chicago က ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။
အမေရိကန်လူဝင်မှုကြီးကြပ်ရေးICE က ဖမ်းဆီးခဲ့သော တတိယမြောက် မြန်မာနိုင်ငံသားမှာ Thang Lam KAP ဖြစ်ပြီး ကလေးသူငယ်အပေါ် လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှုဖြင့် ထောင်ဒဏ် ၇ နှစ်ချမှတ်ခံခဲ့ရဖူးသူဖြစ်ကြောင်း၊ ၎င်းကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ICE Chicago က ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




