29.2 C
Yangon

မြန်မာစစ်အုပ်စု၏ အကြမ်းဖက်စစ်ဆင်ရေးကို ကူညီနေသည့် “ဂုဏ်သရေပျက် အာဆီယံ သူဌေးကြီးများ” စာရင်း JFM ထုတ်ပြန်

Must read

မြန်မာစစ်အုပ်စု၏ အကြမ်းဖက်စစ်ဆင်ရေးကို ကူညီနေသည့် “ဂုဏ်သရေပျက် အာဆီယံ သူဌေးကြီးများ” စာရင်း JFM ထုတ်ပြန်

ရန်ကုန်၊ မေ ၁၂

မြန်မာစစ်အုပ်စု၏ အကြမ်းဖက်စစ်ဆင်ရေးကို ကူညီနေသည့် “ဂုဏ်သရေပျက် အာဆီယံသူဌေးကြီးများ” စာရင်းကို Justice For Myanmar (JFM) အဖွဲ့က ယနေ့ထုတ်ပြန်လိုက်သည်။

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) သည် ဘုံသဘောတူညီချက်ငါးရပ်မှတဆင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးကို ပံ့ပိုးကူညီနေသည်ဟု ဆိုသော်လည်း အဖွဲ့ဝင်နိုင်ငံတချို့သည် မြန်မာစစ်အုပ်စု၏ အကြမ်းဖက်မှုများကို ဟန့်တားရန် ပျက်ကွက်နေသည်ဟုလည်း JFM က ဝေဖန်ပြစ်တင်လိုက်သည်။

ထို့ကြောင့် မြန်မာစစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်စစ်ဆင်ရေးကို အားပေးကူညီနေသည့် အရှေ့တောင်အာရှတစ်လွှားမှ သူဌေးကြီးများအား အများပြည်သူသို့ ဖော်ထုတ်ရန်အတွက် “အာဆီယံ အသက် ၃၀ အထက် မသမာသူများ (ဂုဏ်သရေပျက်) စာရင်း” တည်းဖြတ်ထုတ်ပြန်မှုကို ယနေ့ စတင်ထုတ်ပြန်လိုက်သည်ဟု JFM က ဆိုသည်။

တချို့သော အာဆီယံနိုင်ငံများမှ ကုမ္ပဏီများသည် မြန်မာစစ်အုပ်စုထံ ငွေကြေးဆိုင်ရာကူညီထောက်ပံ့မှု နှင့် လက်နက်ရောင်းချ တပ်ဆင်ပေးနေမှုများကို ဆက်လက်လုပ်ဆောင်နေပြီး၊ ထိုသို့သော လုပ်ဆောင်ချက်များကြောင့် အာဆီယံအစိုးရများနှင့် ၄င်းနိုင်ငံများမှ သူဌေးကြီးများသည် စစ်အုပ်စု၏ နိုင်ငံတကာရာဇဝတ်မှုများတွင် ကြံရာပါနေမှုကို ပြသနေကြောင်း JFM ကထောက်ပြပြောဆိုသည်။

မတ်လ ၂၈ ရက် ဖျက်အားပြင်းငလျင်ကြီး လှုပ်ခတ်ပြီးနောက်ပိုင်း စစ်အုပ်စုသည် ၎င်းတို့၏ အကြမ်းဖက်စစ်ဆင်ရေးကို ပိုမိုတိုးချဲ့လုပ်ဆောင်လာခဲ့ပြီး၊ ငလျင်ဒဏ်ခံခဲ့ရသည့် ဒေသများအပါအဝင် နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုပေါင်း ၅၀၀ ကျော်ကို လုပ်ဆောင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုအသစ်ထုတ်ပြန်လိုက်သည့် “ဂုဏ်သရေပျက်သူဌေး ၁၂ ဦး” သည် အရှေ့တောင်အာရှတစ်လွှားရှိ ဩဇာတိက္ကမကြီးမားသော သူဌေးကြီးများဖြစ်ပြီး၊ ၎င်းတို့သည် စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုကြီးများကို အထောက်အပံ့ဖြစ်စေသော ဘဏ္ဍာငွေပံ့ပိုးခြင်း၊ စစ်ဘက်သုံးပစ္စည်းများရောင်းချခြင်း၊ ဘဏ္ဍာရေးဝန်ဆောင်မှုများ ပေးအပ်ခြင်း စသည်တို့မှတဆင့် အကျိုးအမြတ်ရရှိနေသူများဖြစ်သည်ဟုလည်း JFM ကဆိုသည်။

Justice For Myanmar မှ ယနေ့ထုတ်ပြန်လိုက်သည့် အာဆီယံ အသက် ၃၀ အထက် စာရင်းတွင် ပါဝင်သော “ဂုဏ်သရေပျက် အာဆီယံသူဌေးကြီးများ” မှာအောက်ပါအတိုင်းဖြစ်သည်။ (အဆိုပါသဌေးကြီးများ၏ ဓတ်ပုံနှင့် အသေးစိတ်အချက်အလက်များကို Justice For Myanmar ၏ Website တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်)။

■ ရောဘတ်ကော့ခ် (မလေးရှား)- ရှန်ဂရီလာဟိုတယ်များအုပ်စုကို တည်ထောင်သူ၊ မလေးရှားနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ပြီး၊ ရှန်ဂလီလာဟိုတယ်အုပ်စုသည် မြန်မာစစ်အုပ်စုကို အကျိုးမြတ်များစေသည့် မြေငှားစာချုပ်တစ်ရပ်ချုပ်ဆိုထား ။

■ ချယ်ရင်းန် သျှီရိဝတ္ထနာဘဒ္ဒိ (ထိုင်း)- Thai Beverage တည်ထောင်သူ၊ အမေရိကန်ဒေါ်လာ ၁၁.၈ ဘီလီယံတန်ဖိုးရှိ အဖျော်ယမကာလုပ်ငန်း နှင့် အိမ်ခြံမြေလုပ်ငန်းများဖြစ်သည့် TCC Group ၊ Fraser & Neave တို့၏ ဥက္ကဌ ဖြစ်ပြီး ၄င်း၏စီးပွားရေးလုပ်ငန်းများမှ စစ်အုပ်စုထံ အခွန်အဖြစ် ဒေါ်လာ သန်းချီပေးဆောင်ခဲ့။

■ ငုယင်သီဖုအန်းသောင် (ဗီယက်နမ်) – VietJet Air ၏ စီအီးအိုနှင့် HD Bank ၏ ဒုတိယဥက္ကဌ၊ ဗီယက်နမ်နိုင်ငံ၏ ပထမဆုံးနှင့်တစ်ဦးတည်းသော အမျိုးသမီး ဘီလီယံနာသူဌေးတစ်ဦးဖြစ်သည်။ HD Bank သည် မြန်မာစစ်အုပ်စုအတွက် အကျိုးအမြတ်များစွာရရှိစေသော တယ်လီကွန်း အော်ပရေတာ Mytel ကို ငွေကြေးထောက်ပံ့ထား။

■ ချက်ချိုင်းရန်ဘမ်ဝေါင် (ထိုင်း) – စစ်အုပ်စုနှင့် ရဲတံခွန်သဘာဝဓါတ်ငွေ့စီမံကိန်းကို ကြီးကြပ်လုပ်ကိုင်ပြီး၊ စစ်အုပ်စုထံ အခွန်ငွေ ဒေါ်လာသန်းချီ ပေးအပ်နေသည့် ကုမ္ပဏီ Northern Gulf Petroleum ၏ အမှုဆောင်ဒါရိုက်တာဖြစ်။

■ လီတိရှိ (စင်ကာပူ) – စစ်အုပ်စုအတွက် ငွေကြေးရွှေ့ပြောင်းရန်၊ စီးပွားရေးလုပ်ဆောင်ရန်နှင့် လက်နက်ဝယ်ယူရန် အားပေးကူညီခဲ့သည့် Oversea-Chinese Banking Corporation (OCBC)၏ ဒါရိုက်တာနှင့် ရှယ်ယာရှင်တစ်ဦးဖြစ်။

“အသက် ၃၀ အထက် မသမာသူ(သဌေး)များစာရင်း” ထုတ်ပြန်မှုကို မေလ ၂၆ ရက်နှင့် ၂၇ ရက်၊ မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် အာဆီယံထိပ်သီးဆွေးနွေးပွဲ မတိုင်မှီ ထုတ်ပြန်ခြင်းဖြစ်ကြောင်းလည်း JFM ကဆိုသည်။

အဆိုပါထိပ်သီးဆွေးနွေးပွဲအတွင်း အာဆီယံဒေသတွင်းခေါင်းဆောင်များသည် မြန်မာ့အရေး ဆွေးနွေးသွားမည်ဟု မျှော်မှန်းရကြောင်းနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် စစ်အုပ်စုနှင့် ၎င်းတို့ကုမ္ပဏီကွန်ရက်များအကြား စီးပွားရေး လုပ်ဆောင်ခြင်းများကို ပိတ်ပင်ခြင်းဖြင့် ပြတ်သားသည့် အရေးယူဆောင်ရွက်မှုများကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း JFM ကတိုက်တွန်းပြောဆိုသည်။

Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “ စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုတိုင်းရဲ့ နောက်ကွယ်မှာ စီးပွားရေးဆက်နွှယ်မှုတစ်ခု အမြဲရှိနေပြီး၊ အဲ့ဒီစီးပွားရေးအီလစ်တွေအနေနဲ့ မဖြစ်မနေ တာဝန်ခံရမှာ ဖြစ်ပါတယ်။ အဲ့ဒီသူဌေးကြီးတွေက စစ်ရာဇဝတ်မှုတွေအတွက် ဘဏ္ဍာငွေထောက်ပံ့ပေးနေသ၍ အာဆီယံအနေနဲ့ ငြိမ်းချမ်းရေးမြှင့်တင်နေပါတယ်လို့ ပြောခွင့်မရှိပါဘူး ” ဟုပြောဆိုခဲ့သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article