26.5 C
Yangon

ဒီပဲယင်းစာသင်ကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု အပစ်ရပ်စဲရေး ချိုးဖောက်မှုအဖြစ် ဩစတြေးလျနှင့် အမေရိကန်က ရှုတ်ချ၊ ကုလ IIMM စုံစမ်းရေးယန္တရားက အထောက်အထားများ ပေးပို့ကြရန် တောင်းခံ

Must read

ရန်ကုန်၊ မေ ၁၆

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းစာသင်ကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုမှာ စစ်ကောင်စီက ၎င်းတို့ကိုယ် တိုင် ကြေညာထားသော အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်မှုအဖြစ် ဩစတြေးလျနိုင်ငံက ရှုတ်ချကြောင်း ယနေ့ ကြေ ညာချက်ထုတ်ပြန်သည်။

သြစတြေးလျနိုင်ငံက မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ စာသင်ကျောင်းတစ်ကျောင်း စစ်အာဏာရှင်အဖွဲ့အစည်း၏လေကြောင်းတိုက်ခိုက်မှုကိုခံခဲ့ရပြီး အရပ်သားပြည်သူများထိခိုက်သေဆုံးခဲ့ရသည့်သတင်းများနှင့်ပက်သက်၍ များစွာစိုးရိမ်မိကြောင်း၊ သြစတြေးလျအနေဖြင့် အဆိုပါတိုက်ခိုက်မှုကိုရှုတ်ချပြီး အားလုံးပါဝင်သောဆွေး နွေးညှိနှိုင်းမှုပြုလုပ်ဆောင်ရွက်ရန်နှင့် ၎င်းတို့ထုတ်ပြန်ထားသည့်အပစ်အခတ်ရပ်စဲရေးကိုလိုက်နာရန်အတွက် စစ်အာဏာရှင်ကို တောင်းဆိုကြောင်း ထုတ်ပြန်သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Tammy Bruce ကလည်း စစ်တပ်က စာသင်ကျောင်းကို လေကြောင်းတိုက်ခိုက်မှုအပေါ် အပစ်အခတ်ရပ်စဲရေး ချိုးဖောက်မှုအဖြစ် ထုတ်ပြန်ပြီး အကျပ်အတည်း ပြေလည်ရေး တွေ့ဆုံဆွေးနွေးရန် တောင်းဆိုသည်။

အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ Tammy Bruce က “စစ် ကိုင်းတိုင်းမှာရှိတဲ့ စာသင်ကျောင်းတစ်ကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းသားတွေနဲ့ ဆရာတွေ သေဆုံးခဲ့ရတဲ့ သတင်းတွေကြောင့် စိတ်မကောင်းဖြစ်ရပါတယ်။ လေကြောင်းတိုက်ခိုက်မှုဟာ စစ်တပ်က ကြေညာထားတဲ့ အပစ်အခတ် ရပ်စဲရေးကို ချိုးဖောက်ရာရောက်ပါတယ်။ အကျပ်အတည်းကို ပြေလည်စေဖို့ အတိုက်အခံအဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ စစ်တပ်ကို တောင်းဆိုပါတယ်။”ဟု သတင်းထုတ်ပြန်ထားသည်။

ထို့ပြင် ဒီပဲယင်းစာသင်ကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုနှင့်ဆက်စပ်သည့် အထောက်အထား အချက်အလက်များမျှဝေရန် ကုလ သမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းရေး ယန္တရား IIMMက တောင်းခံလိုက်သည်။

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားအနေဖြင့် မေလ ၁၂ ရက် စစ်ကိုင်းတိုင်းဒေသကြီး၊ အိုးထိန်းကွင်းကျေးရွာရှိ စာသင်ကျောင်းတစ်ကျောင်းအား လေကြောင်းဖြင့်တိုက်ခိုက်မှုကို မျက်မြင်ကြုံတွေ့ခဲ့သူ၊ တိုက်ရိုက်သိရှိသူများအနေအနေဖြင့် အထောက်အထားမျှဝေရန် တောင်းဆိုကြောင်း၊ အဆိုပါ တိုက်ခိုက်မှုတွင် ကျောင်းသား ၂၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒါဇင်နှင့်ချီကာ ဒဏ်ရာရခဲ့ကြောင်း IIMM က ထုတ်ပြန်သည်။

ထိုဗုံးကျဲတိုက်ခိုက်မှုသည် အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက်ပိုင်းဖြစ်ပွားခဲ့သည့် လေကြောင်းတိုက်ခိုက်မှုများစွာအနက် တစ်ခုဖြစ်ကြောင်း၊ မြန်မာစစ်တပ်နှင့် တိုက်ခိုက်မှုတွင်ပါဝင်သည့် အခြားအဖွဲ့များက ပစ်ခတ်တိုက်ခိုက်မှုရပ်စဲကြောင်း ကြေညာထားသည့်ကာလတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ အရပ်သားများအား မခွဲခြားဘဲ လေကြောင်းမှတိုက်ခိုက်ခြင်းသည် စစ်ရာဇဝတ်မှု သို့မဟုတ် လူသားမျိုးနွယ်ကိုကျူးလွန်သည့် ရာဇဝတ်မှုမြောက်နိုင်ကြောင်း ကလေးများကိုတိုက်ခိုက်ခြင်းသည် အလွန်ထိတ်လန့်စက်ဆုတ်ဖွယ်ကောင်းကြောင်း၊ ထို့ကြောင့် ယန္တရားအနေဖြင့် ကလေးများအား ထိခိုက်ကျူးလွန်သည့်အမှုများကို ဦးစားပေးစုံစမ်းစစ်ဆေးလျက်ရှိကြောင်း IIMM က ဆိုသည်။

IIMM က အဆိုပါ ဖြစ်ရပ် အပါအဝင် အခြားလေကြောင်းတိုက်ခိုက်မှုများနှင့် ဆက်စပ်သည့် အချက်အလက်များကို စုဆောင်းနေကြောင်း၊ ဒဏ်ရာရရှိမှု၊ အပျက်အစီးများ၊ ပေါက်ကွဲမှုများ၏ ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုများထိခိုက်သူများ၏ အချက်အလက်များလေကြောင်းတိုက်ခိုက်ရာတွင် အသုံးပြုသည့် လေယာဥ်နှင့် လက်နက်အမျိုးအစားများလေယာဥ်မှူးနှင့် အမိန့်ပေးရာတွင် ပါဝင်သူများ၏ အချက်အလက်များ ပါဝင်ကြောင်း၊ အချက် အလက်များ လက်ဝယ်ရရှိထားပါက ယန္တရား၏ Signal နံပါတ် +41 76 691 12 08 သို့ ဆက်သွယ်ရန် တောင်းဆိုကြောင်း၊ အချက်အလက်မျှဝေပေးသူများ၏ အရေးကြီးသောကြောင့် ဘေးကင်းလုံခြုံသည့်အချိန်မှသာ ဆက်သွယ်ရန် IIMM က မေတ္တာရပ်ခံထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article