ရန်ကုန်၊ မေ ၂၄
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ ဘလက်ဒိုကျေးရွာအနီးရှိ စစ်တပ်စခန်းကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာတွင် စစ်ကောင်စီတပ်ဘက်မှ အများအပြား ထိုင်းနိုင်ငံဘက်အခြမ်းသို့ ထွက်ပြေးသွားပြီး လက်နက်ချသူလည်း အများအပြားရှိကြောင်း ရှေ့တန်းတော်လှန်ရေး သတင်းရင်းမြစ်များက ပြောဆိုသည်။
မေလ ၂၃ ရက်နေ့ ညနေ ၅ နာရီအချိန် စစ်ကောင်စီတပ်၏ ဘလက်ဒိုတပ်စခန်းကို KNU တပ်မဟာ ၆ ဦးဆောင်သော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (P.D.F) တို့မှ ပြန်လည် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ သေဆုံးသည့်သူများရှိပြီး လက်နက်ချသူများလည်းရှိကြောင်း၊ ထိုင်းနိုင်ငံဘက်အခြမ်းသို့ ထွက်ပြေးသူများလည်းရှိနေကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ဆိုသည်။
“စခန်းထဲမှာလည်း သေတဲ့ စစ်သားအလောင်းတွေ များတယ်။ လက်နက်ချတာလည်း ၂၀ ဦးကျော်ရှိတယ်။ ထိုင်းဘက်ကို ထွက်ပြေးတာလည်း ၂၅ ဦးလောက်ရှိတယ်။ စခန်းမှာက အင်အား ၁၀၀ လောက် တပ်စွဲထားတာ။ အခု ထွက်ပြေးပြီး စိုက်ပျိုးရေးအခင်းတွေထဲမှာ ပုန်းနေတဲ့ကောင်တွေလည်းရှိနေသေးတယ်။ ရှင်းလင်းတွေ လုပ်နေတုန်းပဲ” ဟု ရှေ့တန်း တော်လှန်ရေး သတင်းရင်းမြစ်က ဆိုသည်။
ထိုင်းအခြေစိုက် Matichon သတင်းဌာနကလည်း KNU က ဘလက်ဒိုစစ်စခန်းကို သိမ်းပိုက်ပြီးနောက် သေဆုံးသူ၊ ထွက်ပြေးသူနှင့် ဒဏ်ရာရရှိသူ စစ်သား ၆၀ ခန့်ရှိပြီး ထွက်ပြေးလာသူများမှာ ထိုင်းပိုင်နက် နယ်မြေအတွင်းသို့ ဝင်လာနိုင်ကြောင်း သတင်းရေးသားဖော်ပြထားသည်။
KNLA မဟာမိတ်ပူးပေါင်းတပ်က ချေမှုန်းနိုင်ခဲ့ပြီဖြစ်သော ဘလယ်ဒိုစစ်စခန်းမှာ ၂၀၂၂ ခုနှစ်၊မတ်လ ၂၇ ရက်နေ့က တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ဖူးကြောင်း၊ ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၆၀ခန့် သေဆုံးခဲ့ကြောင်း၊ စစ်ကောင်စီက ယင်းစခန်းသို့ ပြန်လည် ဝင်ရောက် တပ်စွဲ အထိုင်ချခဲ့ကြောင်း၊ ထို့ကြောင့် ယခု ၂၀၂၅ ခုနှစ်၊ မေလတွင် ၂ ကြိမ် မြောက် ပြန်လည် တိုက်ခိုက်ခဲ့ခြင်းကြောင်း သိရှိရသည်။
လတ်တလော သေ့ဘောဘိုးရွာရှိ သေ့ဘောဘိုးစစ်တပ်စခန်းကို KNLA မဟာမိတ်တပ်များက ဆက်လက် ပိတ်ဆို့ လျက်ရှိကြောင်း၊ ထို့ပြင် ဝေါလေစစ်ဗျူဟာ၊ ကနဲလေးစခန်း၊ ထီကပလယ်စခန်း၊ဥကရစ်ထစခန်းတို့ကိုလည်း KNLAမဟာမိတ်တပ်များက ၀ိုင်းဝန်းပိတ်ဆို့ ဖြတ်တောက်တိုက်ခိုက်လျက်ရှိကြောင်း KNLA သတင်းရင်းမြစ်ထံမှ သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar





