25 C
Yangon

စစ်ကောင်စီ၏ ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက် ဗုံးကျဲမှုများကြောင့် မြေ အောက်ဆေးရုံ၊ ဆေးခန်းများ ထူထောင်ရန် ပြည်သူလူထုနှင့်နိုင်ငံတကာကို ဒေါက်တာဇော်ဝေစိုး အကူအညီတောင်း

Must read

ရန်ကုန်၊ မေ ၂၆

အကြမ်းဖက် စစ်ကောင်စီ၏ ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက် ဗုံးကျဲမှုများကြောင့် ဆေးရုံ၊ ဆေးခန်းများ ပျက်စီးသွားပြီး ဗုံးဒဏ်ခံနိုင်သည့် မြေ အောက်ဆေးရုံ၊ ဆေးခန်းများ တည်ဆောက်ရေး ၀ိုင်းဝန်းကူညီကြရန် ပြည်သူလူထုနှင့် နိုင်ငံတကာကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက အကူ အညီတောင်းလိုက်သည်။

ယနေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ဗီဒီယိုရုပ်သံ ထုတ်ပြန်၍ ပြည်သူလူထုက မြေအောက်ဆေးရုံ၊ ဆေးခန်းများ တည်ဆောက်ရေး ၀ိုင်းဝန်း ကူညီပေးကြပါရန် တရားဝင် တောင်းဆိုလိုက်ခြင်းဖြစ်သည်။

ယခုရက်ပိုင်း၊ လပိုင်းများအတွင်း အကြမ်းဖက် စစ်ကောင်စီက ဆရာဝန်များ၊ သူနာပြုများနှင့် မြေပြင်တွင်ရှိနေသည့် ရှေ့တန်း ဆေးရုံ၊ ဆေးခန်းများကို ရည်ရွယ်ချက်ရှိရှိ ဗုံးကျဲတိုက်ခိုက် ဖျက်ဆီးလာကြောင်း၊ စစ်ကောင်စီက ဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက် သတ်ဖြတ်နေကြောင်း၊ ထို့ကြောင့် ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန် ဘေးကင်းလုံခြုံပြီး ဗုံးဒဏ်ခံနိုင်သော မြေအောက် ဆေးရုံ၊ ဆေးခန်းများ တည်ဆောက်ရန် ပြည်သူလူထုက ပါဝင်ကူညီကြပါရန် ဒေါက်တာဇော်ဝေစိုးက ပြောဆိုသည်။

” ဒီနေ့ ပြောချင်တာက အခု ဒီရက်ပိုင်းတွေ ဒီလပိုင်းတွေမှာ ကျနော်တို့ရဲ့ မြေပြင်မှာ ရှိနေတဲ့ ရှေ့တန်း‌ဆေးရုံ ၊ ဆေးခန်းတွေရော နောက်တန်း ဆေးရုံ ဆေးခန်းတွေရောကို ဗုံးကျဲတိုက်ခိုက်ခံနေရတယ်ပေါ့။ ဆရာဝန်တွေ သူနာပြုတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ဆေးရုံဆေးခန်းတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ဗုံးကျဲတိုက်ခိုက်ဖျက်ဆီးခံနေရပါတယ်။ မြန်မာနိုင်ငံမှာ အကြမ်းဖက် ဖက်ဆစ်စစ်တပ်ဟာ ဆရာဝန်တွေ၊ သူနာပြုတွေ၊ ကျန်းမာရေးစောင့်ရှောက်တဲ့သူတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်သတ်ဖြတ်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် အရင်တုန်းကတော့ ကျနော်တို့တတွေ လုံခြုံတဲ့ တောထဲတောင်ထဲမှာ ရှေ့တန်း ဆေးရုံ ဆေးခန်းအနေနဲ့ အခြေချ ဆေးရုံ ဆေးခန်းတွေကို တည်ဆောက်ပြီးတော့ ဆေးကုသခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနေ့ ဒီအချိန်မှာ အခုလိုမျိုး ဧပြီ ၊ မေ နှစ်လအတွင်းမှာ တိုက်ခိုက်မှုတွေ ပိုပြီးတော့ များလာပြီး ဆေးရုံ ဆေးခန်းတွေအတွက် လုံခြုံမှုမရှိတော့တဲ့အတွက် ကျွန်တော်တို့တွေ အခုအချိန်မှာ Underground မြေအောက်ဆေးရုံ ဆေးခန်းတွေ ဗုံးကျဲဒဏ် ခံနိုင်တဲ့ ပေါင် ၅၀၀ ၊ ၁၀၀၀ ဗုံးတွေ ကျဲတဲ့ ဒဏ် ခံနိုင်တဲ့ မြေအောက် ဆေးရုံ ဆေးခန်းတွေ ဆောက်ဖို့ လိုလာပါတယ်။ ဒါကြောင့် ဒီဟာကို ပြည်တွင်း ပြည်ပ မြန်မာပြည်သူများအနေနဲ့ နိုင်ငံတကာအလှူရှင်များအနေနဲ့ မြေအောက်ဆေးရုံ ဆေးခန်းများ ဗုံးကျဲဒဏ်ခံနိုင်တဲ့ ဆေးရုံ ဆေးခန်းများ တည်ဆောက်ဖို့အတွက် ကူညီကြဖို့ ကျွန်တော့်အနေနဲ့ ဒီနေရာမှာ တိုက်တွန်းလိုပါတယ်” ဟု ဒေါက်တာဇော်ဝေစိုးက ပြောဆိုသည်။

မြန်မာနိုင်ငံမှ CDM ဆရာဝန်၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများသည် အန္တရာယ်အများဆုံး အခြေအနေတွင် အလုပ်လုပ်နေရကြောင်း၊ ဆေးကုသမှုများပေးရန်နှင့် လုံခြုံစိတ်ချစွာ အနားယူနိုင်ရေး ဗုံးဒဏ်ခံနိုင်သည့် မြေအောက် ဆေးရုံ၊ ဆေးခန်းများ မဖြစ်မနေ လိုအပ်နေသဖြင့် ပြည်သူများနှင့် နိုင်ငံတကာအနေဖြင့် ၀ိုင်းဝန်း ကူညီရန် လိုအပ်ကြောင်း ဒေါက်တာဇော်ဝေစိုးက မေတ္တာရပ်ခံသည်။

“တကယ်တော့ ဆေးကုသနေကြတဲ့ ဆရာဝန် ၊ ဆရာမ သူနာပြုများ ကမ္ဘာပေါ်မှာ အန္တရာယ်အများဆုံး နိုင်ငံတစ်ခုမှာ အလုပ်လုပ်နေရတာ ဖြစ်ပါတယ်။ သူတို့တွေ လုံခြုံစိတ်ချစွာ ဆေးကုသမှု ပေးနိုင်ဖို့အတွက် သူတို့တွေ လုံခြုံစိတ်ချစွာ အနားယူနိုင်ဖို့အတွက် ကျွန်တော်တို့မှာ ဗုံးကျဲဒဏ် ခံနိုင်တဲ့ ဆေးရုံ ဆေးခန်းတွေ လိုအပ်ပါတယ်။ ဗုံးကျဲဒဏ်ခံနိုင်တဲ့ မြေအောက် ဆေးရုံ ဆေးခန်းများ လိုအပ်ပါတယ်။ ဒါကြောင့် ဒါကို ဝိုင်းဝန်းကူညီကြပါလို့ ကျနော်အနေနဲ့ ဒီနေရာကနေ တိုက်တွန်းနှိုးဆော်လိုပါတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးနှင့် ပညာရေး ဝန်ကြီး ဒေါက်တာဇော်ဝေစိုးသည် ပြည်ပတွင် ရောက်ရှိနေရာမှ မြန်မာနိုင်ငံသို့ အပြီးပြန်လာကာ တော်လှန်ရေးနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးနှင့် ကျန်းမာရေးဝန်ကြီးဌာန လုပ်ငန်းစဉ်များကို မြေပြင်တွင် ကွင်းဆင်းဆောင်ရွက်နေသည့် ဝန်ကြီးတစ်ဦးဖြစ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article