စစ်အာဏာရှင်ဆန့်ကျင်ရေး မြန်မာ့နွေဦးတော်လှန်ရေးကို ထောက်ခံအားပေးပြီး NUG ဝန်ကြီးများ၊ ကိုယ် စားလှယ် များနှင့် တွေ့ဆုံခဲ့သူ အီဂျယ်မြောင်သည် တောင်ကိုရီးယားသမ္မတအဖြစ် ရွေးကောက်ခံရကြောင်း တောင်ကိုရီးယားမှ လာသော သတင်းများအရ သိရှိရသည်။
ဇွန်လ ၃ ရက်နေ့ တောင်ကိုရီးယားသမ္မတ ရွေးကောက်ပွဲတွင် အတိုက်အခံ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ အီဂျယ်မြောင်က အနိုင်ရရှိသွားပြီး သမ္မတ အဖြစ် ရွေးကောက်ခံခဲ့ရခြင်းဖြစ်သည်။
တောင်ကိုရီးယားသမ္မတဖြစ်လာသူ အီဂျယ်မြောင်သည် မြန်မာ့ နွေဦးတော်လှန်ရေးကြီး စတင်ချိန်ကတည်းက ယနေ့အချိန်အထိ မြန်မာ့ဒီမိုကရေစီအရေးကို အားပေးထောက်ခံသူ၊ ကိုရီးယား နိုင်ငံရေးအသိုက်အဝန်းကြားမှာ လက်သုံးချောင်းထောင်ပြီး မြန်မာ အကြမ်းဖက်စစ်အုပ်စုကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချခဲ့သူ ကိုရီးယားနိုင်ငံအတွင်း မြန်မာ့နိုင်ငံရေးလှုပ်ရှားမှုနှင့် ထောက်ပံ့မှုအား ကောင်းသည့် အဖွဲ့အစည်းတခုဖြစ်သော စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ (ကိုရီးယား) ၏ “မြန်မာနက်ဝပ်အဖွဲ့အစည်း” အတွက် အထူးကူညီ ဆောင်ရွက်ပေးခဲ့သူဖြစ်ကြောင်း NUG တောင်ကိုရီးယား ကိုယ်စားလှယ်ရုံးက သတင်းထုတ် ပြန်သည်။
၂၀၂၁ ခုနှစ် မတ်လ ၂ ရက်နေ့ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး ၁ လအကြာ အတိုက်အခံခေါင်းဆောင် အီဂျယ်မြောင်သည် ကိုရီးယားနိုင်ငံ ဂယောင်ဂီဒို ပြည်နယ်၏ အုပ်ချုပ်ရေးမှူး အဖြစ် တာဝန်ထမ်းဆောင်နေစဉ် မြန်မာ နိုင်ငံ စစ်အာဏာသိမ်းမှုဆန့် ကျင်ရေးကော်မတီ (ကိုရီးယား)မှ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးရန်နိုင်ထွန်း (အမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ်၊ စည်းရုံးရေးကော် မတီ (နိုင်ငံတကာ) ကိုရီးယားဌာန၊ ကိုစိုးမိုးသူ (မြန်မာအလုပ်သမားလူမှုဖူလုံရေးစင်တာ ) နှင့် မနှင်းဝတ်ရည် (ဆောင်ဂုံးဝှဲတက္ကသိုလ် ကျောင်းသူ)တို့ကို ဖိတ်ကြား တွေ့ဆုံခဲ့သည်။
ထိုအချိန်က အုပ်ချုပ်ရေးမှူး အီဂျယ်မြောင်က လက်ရှိမြန်မာနိုင်ငံအတွင်း ဖြစ်ပျက်နေသော နိုင်ငံရေး အခြေ အနေ အရပ်ရပ်ကို သိရှိပါကြောင်း၊ စစ်အာဏာသိမ်းမှုကိုလည်း ကန့်ကွက် ရှုတ်ချပါကြောင်း၊ မိမိတို့ ဂယောင်ဂီဒိုပြည်နယ် အနေဖြင့်သာမက ကိုရီးယားအစိုးရအနေဖြင့်လည်း မြန်မာနိုင်ငံအတွင်း စစ်အာဏာရှင်စနစ် အမြန်ဆုံးပြုတ်ကျစေရေးနှင့် ဒီမိုကရေစီစနစ် ပြန်လည်ရှင်သန်နိုင်စေရေးအတွက် အဖက်ဖက်မှ အစွမ်းကုန် ကူညီဆောင် ရွက်ပေးမည်ဖြစ်ပါကြောင်း၊ ဖမ်းဆီးထိမ်းသိမ်းခံထားရသည့် နိုင်ငံခေါင်းဆောင်များအတွက်လည်း အလွန် စိုးရိမ်ပူပန်မိပါကြောင်း၊ အမြန်ဆုံး ပြန်လည် လွတ်မြောက်လာစေရေးအတွက် ဖိအားပေးတောင်းဆိုသွားမည် ဖြစ် ကြောင်းကို တက်ကြွစွာ ထုတ်ဖော်ပြောဆိုခဲ့ကြောင်း သိရှိရသည်။
ဂယောင်ဂီဒိုပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် ရှိနေစဉ် အီဂျယ်မြောင်က ၎င်းအုပ်ချုပ်နေသည့် ဂယောင်ဂီဒိုပြည်နယ်၏ ဥပဒေသတ် မှတ်ချက်များနှင့်အညီ “မြန်မာနက်ဝပ်အဖွဲ့အစည်း”ကို တည်ထောင်ခွင့်ပြုခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ၂၀၂၄ ခုနှစ်၊ မေလ ၁၈ ရက်နေ့ ဂွမ်ဂျူးမြို့ ၅.၁၈ နှစ်ပတ်လည် အခမ်းအနားတွင် အမျိုးသားညီညွတ် ရေး အစိုးရ- NUG နိုင်ငံ ခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ စီမံကိန်း ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်တို့နှင့် တွေ့ဆုံနှုတ်ဆက်စဉ်ကလည်း မြန်မာ့ဒီမိုကရေစီရေးကို ဆက်လက်အားပေး ထောက်ခံနေမည်ဖြစ် ကြောင်း၊ ထိုစဉ်က အီဂျယ်မြောင်သည် လွှတ်တော်အမတ်တဦးဖြစ်သလို ပါတီဥက္ကဋ္ဌလည်း ဖြစ်ကြောင်း သိရှိရသည်။


