25 C
Yangon

မုံရွာထောင်မှ ထောင်ပြောင်းရွှေ့‌ခံရသည့် နိုင်/ကျဉ်းများကို အိုးဘိုထာင် အာဏာပိုင်များက ဝိုင်းဝန်းရိုက်နှက်၍ ၅၀ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ ဇွန် ၁၃

မုံရွာအကျဉ်းထောင်မှ ထောင်ပြောင်းရွှေ့‌ခံရသည့် နိုင်/ကျဉ်းများကို အိုးဘိုထာင် အာဏာပိုင်များက ဝိုင်းဝန်းရိုက်နှက်၍ ၅၀ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံလုံး ဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) မှ ဗဟိုဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဇွန်လ ၁၂ ရက်နေ့ နံနက်အစောပိုင်းတွင် ထောင်ပြောင်းရွှေ့‌လာသည့် နိုင်ငံရေး အကျဉ်းသားများကို အိုးဘိုထာင်မှ ထောင်အာဏာပိုင်များက ဝိုင်းဝန်း ရိုက်နှက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နိုင်ငံရေး အကျဉ်းသား အနည်းဆုံး ၅၀ ဦးသည် ဦးခေါင်း၊ လက်နှင့် နောက်ကျောတစ်လျှောက်တွင် ထိရှ ၊ ပေါက်ပြဲ ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ပြီး အသက်ရှင်သန်ပိုင်ခွင့်များပင် ခြိမ်းခြောက်ခံနေရကြောင်း သိရသည်။

နိုင်ငံရေးအကျဉ်းသားနှင့် အခြားရာဇဝတ်အကျဉ်းသား စုစုပေါင်း ၂၀၀ ဝန်းကျင်ခန့်ကို ယင်းနေ့ မွန်းလွဲ ၁၂ နာရီဝန်းကျင်ခန့်တွင် မန္တလေး အိုးဘိုအကျဉ်းထောင်သို့ ရောက်ရှိခဲ့ပြီး ကုန်တင်ကား ၅ စီးပေါ်မှ ခန့်မှန်း အမျိုးသား ၁၅၀ ဦး ဝန်းကျင် ပါဝင်ခဲ့ပြီး ကုန်တင်ကားတစ်စီးတွင် အမျိုးသမီးများ ပါဝင်ခဲ့‌ကြောင်း၊ အိုးဘိုထောင်ဗူးဝ အဝင်တွင် ထောင်ပြောင်းရွှေ့ရောက်လာသူ အားလုံးနီးပါးကို အကျဉ်းဦးစီးဝန်ထမ်းများနှင့် ရဲတပ်ဖွဲ့ဝင်များကာ ရောဘာတုတ်၊ သစ်သားတုတ်များဖြင့် ဝိုင်းဝန်းရိုက်နှက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရှိရသည်။

“လက်ရှိသိထားသလောက်က နိုင်ငံရေးအကျဉ်းသားတွေလည်း အများကြီး ရိုက်ခံထားရတာ အဝင်မှာကတည်းက လုံခြုံရေးကို အကြောင်းပြပြီး လမ်းခရီးမှာ သူတို့ လွယ်လွယ်ကူကူမရောက်ခဲ့တဲ့အခြေအနေတွေကို အကြောင်းပြတယ်ဆိုတဲ့ သတင်းစကားတွေလည်း ကျွန်တော်တို့ ကြားတယ်ပေါ့‌နော်။ ဒါပေမဲ့ ဘယ်လို အခြေအနေပဲ ဖြစ်နေပါစေ သူတို့တွေရဲ့ လက်ထဲမှာ ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေရော အကျဉ်းသားတွေ အပေါ်မှာ အခုလိုမျိုး လက်လွတ်စပယ်လုပ်ဆောင်တာမျိုး၊ လူတစ်ယောက်ရဲ့ အသက်ကို ခြိမ်းခြောက်နိုင်လောက်အောင်အထိ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်တာ၊ လက်လွှတ်စပယ် အခုလိုမျိုးရိုက်နှက်နှိပ်စက်နေတာကတော့ လုံးဝလက်သင့်မခံနိုင်တဲ့ ကိစ္စရပ်တွေ ဖြစ်ပါတယ်”ဟု ကိုသိုက်ထွန်းဦးက ပြောဆိုသည်။

ထို့ပြင် အိုးဘို အကျဉ်းထောင်၏ ဆိုးရွားလှသည့် လုပ်ရပ်များအတွက်လည်း ထိရောက်သည့် အပြစ်ပေး အရေးယူမှုများ ဖော်ဆောင်နိုင်ရန် လိုအပ်ကြောင်း ကိုသိုက်ထွန်းဦးက ဆက်လက်ပြောဆိုသည်။

“မန္တလေး အိုးဘိုအကျဉ်းထောင်က ထောင်တွင်း သေဆုံးမှုတွေ စီမံခန့်ခွဲမှု အမှားတွေ အများကြီးပဲ ကျူးလွန်နေတဲ့ ထောင်တစ်ခု ဖြစ်ပါတယ်။ ဒီထောင်မှာ ရှိနေတဲ့ အကျဉ်းဦးစီးဝန်ထမ်းတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့ရော တော်လှန်ရေးအင်အားစုတွေ အနေနဲ့ရော ထိရောက်တဲ့ အပြစ်ပေး အရေးယူနိုင်ရေး၊ တရားမျှတမှု ဖော်ဆောင်နိုင်ရေး ပိုပြီးကြိုးစားဖို့ လိုအပ်တယ်။ သူတို့ တကယ်လက်တွေ့ကြောက်တာက မြေပြင်အခြေအနေ ဖြစ်ပါတယ်။ ကျွန်တော်တို့ Statement ထုတ်နေရုံ ၊ ရှုတ်ချနေရုံနဲ့ သူတို့တွေ နားလည်တာ မဟုတ်ပါဘူး။ အဲဒီတော့ မန္တလေးအခြေပြုနေတဲ့ အင်အားစုတွေအနေနဲ့ အကျဉ်းဦးစီးဝန်ထမ်းတွေကို ဖမ်းဆီးထိန်းသိမ်းတာ ကျွန်တော်တို့ရဲ့ တော်လှန်ရေစ အစိုးရရဲ့ တရားရေးစီမံမှုအောက်မှာ ဒီလူတွေကို စီစဉ်တာ၊ ဒါတွေတော့ ပိုပြီးမှ ပြတ်ပြတ်သားသားနဲ့ လုပ်ဆောင်ပြပေးဖို့ လိုအပ်တယ်လို့ ပိုပြီး မြင်လာပါတယ်။ ဒီအပေါ်မှာ ကျူးလွန်တဲ့ လူတွေ ပါဝင်ပတ်သက်သူတွေကိုလည်း အတတ်နိုင်ဆုံး ဖော်ထုတ်နိုင်ဖို့ ကျွန်တော်တို့ ဆက်ကြိုးစားသွားမှာ ဖြစ်ပါတယ်” ဟု ကိုသိုက်ထွန်းဦးက ပြောကြားသည်။

ထို့ပြင် အကျဉ်းသားများကို မန္တလေးအိုးဘိုအကျဉ်းထောင်မှ မြင်းခြံ နှင့် မ‌ကွေးအကျဉ်းထောင်များဘက်သို့ ထပ်မံရွှေ့ပြောင်းရန်ပြင်ဆင်လျက်ရှိကြောင်း မြန်မာနိုင်ငံလုံး ဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) က အသိပေး ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article