ရန်ကုန်၊ ဇွန် ၁၈
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-မန္တလေး လမ်းပိုင်းတွင် အိမ်စီးကားဖြင့် ထွက်လာသည့် အကြမ်းဖက် စစ်သားများကို တိုက်ခိုက်ရာ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၃ ဦးသေဆုံးပြီး ကားကို မီးရှို့ဖျက်ဆီး ခဲ့ကြောင်း BRAVE HEART ARMY-BHA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဇွန်လ ၁၆ ရက်နေ့ ည ၁၁ နာရီ ၂၇ မိနစ်ခန့်တွင် ချောင်းဦးမြို့၊ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ အိမ်စီးကားဖြင့် ထွတ်လာသည့် စစ်သားများကို မုံရွာ-မန္တလေး လမ်းပိုင်းရှိ တောပုပျူစောထီးကျေးရွာ အနီးတွင် တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး ၁ ဦး အပါအဝင် ၃ ဦးသေဆုံးပြီး ၁ ဦး ထိခိုက် ဒဏ်ရာရရှိကာ ၁ ဦး ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။
ထို တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်သားများထံမှ MA1 ၊ ပါရီ ၊ MA5 ၊ 9mm ၊ Sig Batter အမျိုးအစား သေနတ် အပါအဝင် လက်နက် ၅ လက်နှင့် ဖုန်း ၃ လုံးတို့ သိမ်းဆည်းရရှိခဲ့ပြီး စစ်သားများ စီးနင်းလာသော အိမ်စီးကားကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။
“မုံရွာမြို့ထဲသို့ သွားတဲ့ကားပါ၊ ချောင်းဦးမြို့ထွေအုပ်ရုံးကနေ မုံရွာမြို့ထဲကို ညတိုင်းသွားနေကြ လို့ သတင်းရတာတဲ့အတွက်စောင့်ပြီးတိုက်ခိုက်ခဲ့တာပါ၊ ၃ ယောက်သေတယ်၊ တစ်ယောက်က ဒဏ်ရာ နဲ့ဆေးရုံပို့ထားတယ်။ ညဆိုတော့ သေနတ်မှန်ပြီး ပုန်းနေတာ၊ မမြင်နိုင်တာပါ၊ အပြန်အလှန်ပစ်ခတ် မှုတော့ဖြစ်ခဲ့တယ်၊ ဖမ်းဆီးရရှိတာမရှိပါဘူး” ဟု BRAVE HEART ARMY-BHA တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို BRAVE HEART ARMY-BHA မှ တပ်ဖွဲ့မှ ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ စစ်ကောင်စီ တပ်သားများကို ဆက်လက်၍ ချေမှုန်းနိုင်ရန် ကျည်ဆံများ လိုအပ်လျက်ရှိသောကြောင့် ပြည်သူ များ အနေဖြင့် တတ်နိုင်သမျှပါဝင် ထောက်ပံ့ပေးကြပါရန် မေတ္တာရပ်ခံပါကြောင်း BRAVE HEART ARMY-BHA တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar





