ရန်ကုန်၊ ဇွန် ၂၃
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ ထီးကပလယ်စစ်စခန်းကို KNLA ဦးဆောင်သော မဟာ မိတ် တပ်များက သိမ်းပိုက်ရရှိပြီး စစ်သားများ ထိုင်းဘက်သို့ ထွက်ပြေးသွားကြောင်း KNLA စစ်ရေး သတင်း ရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဇွန်လ ၂၂ ရက်နေ့ မွန်းလွဲ ၃ နာရီ ၄၅ မိနစ်အချိန် ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ်၏ ထီးကပလယ် စစ်စခန်းကို သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါစခန်းမှ စစ်ကောင်စီတပ်သားများမှာ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးသွားကြောင်း၊ လတ်တလော နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေဆဲဖြစ်ပြီး စစ်သားသေဆုံးမှုနှင့် လက်နက်ခဲယမ်း သိမ်းပိုက်ရရှိမှု အခြေအနေကို စိစစ်နေဆဲဖြစ်ကြောင်း သိရှိရသည်။
“ထီးကပလယ်စခန်းကို ဇွန်လ ၉ ရက်နေ့မှာစပြီးတော့ ပူးပေါင်းတပ်တွေက ဒရုန်းတွေနဲ့ ဗုံးတွေ စကျဲတယ်။ အဲဒီကတည်းက ပိတ်ဆို့ထားတာ။ ဇွန်လ ၂၁ ရက်နေ့မှာ ကတော့ စခန်း ဧရိယာထဲကို စတင်ထိုးဖောက်ဝင်ရောက်ပြီးတော့ ဇွန်လ ၂၂ ရက်နေ့ မွန်းလွဲပိုင်းမှာ အပြီးသတ် သိမ်းပိုက်ရရှိပါတယ်။ အဲဒီစခန်းက ဝေါ်လေ ဗျူဟာကုန်းအနီးမှာရှိနေတဲ့ ကာကင်းစခန်းလည်းဖြစ်ပါတယ်။ ဒရုန်း ပေါင်းစုံ ဗုံးကျဲပြီးတော့ လက်နက်ကြီး စက်လတ် ပွိုင့်ဖိုက် ပစ်ကူ စိုး မိုး ပြီး တက်သိမ်းတာပါ” ဟု စခန်းသိမ်းတိုက်ပွဲတွင် ပါဝင်သော တော်လှန်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။
ထီးကပလယ်စစ်တပ်စခန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား အနည်းဆုံး ၇၀ မှ ၉၀ အကြား တပ်စွဲထားပြီး စစ်တပ်ဘက်မှ သေဆုံးမှုအခြေအနေနှင့် လက်နက်ခဲယမ်းရရှိမှု အခြေအနေကို စိစစ်နေဆဲဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအတွင်းတွင်လည်း ထီးကပလယ်စခန်းကို KNLA တပ်များက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ဖူးသော်လည်း သိမ်းပိုက်နိုင်ခဲ့ခြင်းမရှိကြောင်း၊ ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်းတွင် ထပ်မံ၍ ထီးကပလယ် စစ်စခန်းကို ဒုတိယအကြိမ် ထပ်မံ သိမ်းပိုက်ရန် ကြိုးစားခဲ့သော်လည်း စခန်းသိမ်းပိုက်ရန် လက်တစ်ကမ်းအလိုတွင် ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း၊ ယခု ၂၀၂၅ ခုနှစ် ဇွန်လ ၂၂ ရက်နေ့တွင်မှသာ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“ဒီ ထီးကပလယ်စခန်းနေရာက အရင်တုန်းက KNU ဌာနချုပ်ရုံးဖြစ်ခဲ့ဖူးတယ်။ ၂၀၂၃ ခုနှစ်မှာ ပထမအကြိမ်နဲ့ ဒုတိယအကြိမ် ထိုးစစ်ဆင်ခဲ့ဖူးတယ်။ အခု ၂၀၂၅ ခုနှစ် ဇွန်လမှာမှ အဲဒီစခန်းကို ပြန်လည်ရရှိတာပါ” ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။
ယခု ဇွန်လ ၃ ရက်နေ့ ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ်၏ သေ့ဘောဘိုးတပ်စခန်းကို တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိခဲ့ပြီးနောက် ဇွန်လ ၂၂ ရက်နေ့တွင် ထီးကပလယ်စခန်းကို ထပ်မံ သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ရာ ဇွန်လအတွင်း စစ်တပ်စခန်း ၂ ခုကို KNLA က ဆက်တိုက် သိမ်းပိုက်ခြင်းလည်းဖြစ်သည်။
KNU က ထိုင်း-မြန်မာနယ်စပ်တစ်ခုလုံးကို ထိန်းချုပ် သိမ်းပိုက်ရန် စစ်ကောင်စီ တပ်စခန်း ၃ ခု သာ သိမ်းပိုက်ရရှိရန် ကျန်ရှိတော့ပြီး အဆိုပါစခန်းများမှာ ဥကရစ်ထ၊ ဝေါ်လေဗျူဟာကုန်းနှင့် တီသဲလယ် စစ်တပ်စခန်း တို့ဖြစ်ကြောင်း သိရှိရသည်။
“ဥကရစ်ထ စခန်းကိုလည်း ရရှိဖို့ KNLA နဲ့ PDF ပူးပေါင်းတပ်တွေက ပိတ်ဆို့ဖြတ်တောက်ထားပါပြီ။ မကြာခင် ရရှိမှာဖြစ်ပါတယ်။ ပြည်သူတွေ သတင်းကောင်းကြားရမှာပါ” ဟု ကရင်စစ်ရေး သတင်းရင်းမြစ်က ဆိုသည်။
KNU က မတ်လ၊ ဧပြီလ၊ မေလနှင့် ဇွန်လတို့တွင် ထိုင်း-မြန်မာနယ်စပ်အနီးမှ စစ်ကောင်စီ၏ ပူးလူးတူ၊ ခလယ့်ဒေး၊ တခေါဘီခွီး၊ မော်ဖားသူးစခန်း ၊တာလယ်စခန်းများ၊ မယ်လ၊ ဘလက်ဒို၊ မော်ခီး၊ ဘုရင့်နောင်စခန်းကုန်း၊ ကနဲလေးစခန်းနှင့် ရွှေအေးမြိုင်တပ်စခန်း၊ ဇွန်လ ၃ ရက်နေ့တွင် သေ့ဘောဘိုးစခန်း၊ ဇွန်လ ၂၂ ရက်နေ့တွင် ထီးကပလယ်စခန်းတို့ကို သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar





