အကြမ်းဖက် စစ်ကောင်စီက ကျင်းပရန် စီစဉ်နေသည့် ဟန်ပြ အတုအယောင် ရွေးကောက်ပွဲကို နိုင်ငံတကာအသိုင်းအ၀ိုင်းက ရှုတ်ချ ဆန့်ကျင်ကြရန် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်းသူ Tom Andrews က တောင်းဆိုလိုက်သည်။
မြန်မာနိုင်ငံတွင် စစ်ကောင်စီက ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲသည် အလိမ်အညာ ဟန်ပြ လုပ်ဇတ်သာဖြစ်ပြီး စစ်ကောင်စီက အာဏာကို တရားဝင်မှုရရှိစေရန် အတုအယောင်ဖန်တီးနေခြင်းဖြစ်ကြောင်း၊ နိုင်ငံရေး အတိုက်အခံများကို ထောင်ချခြင်း၊ ညှဉ်းပန်းနှိပ်စက် ကွပ်မျက်ပြီး ကျင်းပမည့် ရွေးကောက်ပွဲကို နိုင်ငံတကာအသိုင်းအ၀ိုင်း ရှုတ်ချဆန့်ကျင်ရန် ၊ စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်မြန်မာပြည်သူများနှင့်အတူ နိုင်ငံတကာ ရပ်တည်နေကြောင်း ပြသကြရန် ၎င်းက တိုက်တွန်းတောင်းဆိုသည်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် စစ်တပ်၏ သတ်ဖြတ်မှုကြောင့် လူပေါင်း ၆၈၀၀ ကျော်သေဆုံးခဲ့ကြောင်း၊ စစ်ဘေးရှောင် ပြည်သူများ ခိုလှုံနေသော ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများနှင့် စစ်ဘေးရှောင် စခန်းများကို စစ်တပ်က တိုက်ခိုက်မှုများ တိုးမြင့်လာသဖြင့် အကြမ်းဖက်မှုများ ပြင်းထန်လာနေကြောင်း ၎င်းက ထောက်ပြထားသည်။
စစ်ကောင်စီက ၎င်း၏ စိုးမိုးနယ်မြေများကို လက်လွှတ်ရပြီးနောက် အရပ်သားပြည်သူများအပေါ် “လေကြောင်းတိုက်ခိုက်မှု အရှိန်မြှင့်လာကြောင်း၊ အရပ်ဘက်စစ်ဘက် ခွဲခြားခြင်းမရှိသော လေကြောင်းတိုက်ခိုက်မှုများကြောင့် စာသင်ကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းများကို ထိမှန်ခဲ့ပြီး အရပ်သားပြည်သူများ သေဆုံးခဲ့ကြောင်း၊ အတင်းအကျပ် စစ်မှုထမ်းစေခြင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ရင်ဆိုင်နေရသော မြန်မာ ပြည်သူများက မြန်မာစစ်ဗိုလ်ချုပ်များကို “ရွံရှာစက်ဆုပ်နေကြကြောင်း သူက ဆက်ပြောသည်။
စစ်ကောင်စီက မြေပြင်တွင် စစ်ရေးအရ ဆုံးရှုံးနေသော်လည်း ငွေကြေးအရင်းအမြစ်နှင့် ပြည်နိုင်ငံများမှ လက် နက်များ ရရှိနေသေးကြောင်း၊ အဆိုပါ အရင်းအမြစ်များ ဆက်လက်စီးဆင်းနေသမျှကာလပတ်လုံး ထိခိုက်ပျက်စီးမှုများ ဆက်လက်ဖြစ်ပေါ်နေမည်ဖြစ်ကြောင်း၊ စစ်ကောင်စီက စစ်ရာ၀ဇတ်မှုများ ကျူးလွန်ရန် တွန့်ဆုတ် နေမည်မဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
လတ်တလော နိုင်ငံတကာ၏ အရေးယူမှုအနေဖြင့် မြန်မာစစ်တပ်ထံသို့ လက်နက်စီးဆင်းမှု ၃ ပုံ ၁ ပုံလျှော့ချနိုင်ခဲ့ပြီး စင်ကာပူ နိုင်ငံမှတစ်ဆင့် မြန်မာစစ်တပ်ထံသို့ စီးဆင်းနေသော လက်နက် ၉၀ ရာခိုင်နှုန်းကို ရပ်တန့်ရန် အရေးယူနိုင်ခဲ့ကြောင်း၊ ထိုင်းနိုင်ငံမှ ဘန်ကောက်ဘဏ်ကလည်း မြန်မာစစ်ကောင်စီလက်အောက်ခံ မြန်မာ့စီးပွားရေးဘဏ်နှင့် ဆက်ဆံမှု ရပ်ဆိုင်းခဲ့ပြီး လက်နက်ဝယ်ယူရန် လိုအပ်သော ငွေကြေးများကို ဖြတ်တောက်နိုင်ခဲ့ကြောင်း ၎င်းက ပြောဆိုသည်။
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကမူ လာမည့် ဒီဇင်ဘာလမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအထိ ရွေး ကောက်ပွဲ ၄ ပတ်တာ ကျင်းပမည်ဖြစ်ကြောင်း ယမန်နေ့ နေပြည်တော် ငြိမ်းချမ်းရေး ဖိုရမ်တွင် ထုတ်ဖော်ပြောဆိုထားသည်။
