28.4 C
Yangon

နိုင်ငံတကာစာချုပ်များအရ စစ်ပွဲများတွင် အသက် ၁၅ နှစ်အောက် ကလေးများ စစ်မှုထမ်းခိုင်းခြင်းကို စစ်ရာဇဝတ်မှုအဖြစ် သတ်မှတ်ထား၍ မြန်မာကလေးများ စစ်မှုထမ်းနေရမှု IIMM က စတင်စုံစမ်းစစ်ဆေးနေ၊ စစ်ကောင်စီက အသက် ၁၅ နှစ် အောက် ကလေးငယ်များကို စစ်မှုထမ်းတပ်သားအဖြစ် စု ဆောင်းမှု သက်သေများ ပေါ်ထွက်နေ

Must read

ရန်ကုန်၊ ဇွန် ၃၀

နိုင်ငံတကာသဘောတူညီချက် စာချုပ်များအရ အသက် ၁၅ နှစ်အောက် ကလေးများ စစ်မှုထမ်းခိုင်းခြင်းကို စစ်ရာဇဝတ်မှုအဖြစ် သတ်မှတ်ထား၍ မြန်မာနိုင်ငံတွင် ကလေးများကို စစ်မှုထမ်းခိုင်းနေမှုများကို ကုလသမဂ္ဂလွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရား (IIMM) က စုံစမ်းစစ်ဆေးနေပြီဖြစ်ကြောင်း IIMM က ထုတ် ပြန်သည်။

ရောမစာချုပ်၊ ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အခြားနိုင်ငံတကာသဘောတူ စာချုပ်များအရ စစ်ပွဲများတွင် အသက် ၁၅ နှစ်အောက် ကလေးများအား စစ်သားအဖြစ် စုဆောင်းခြင်း သို့မဟုတ် အသုံးပြုခြင်းကို တားမြစ်ထားပြီး စစ်ရာဇဝတ်မှုအဖြစ် သတ်မျတ်ထားကြောင်း၊ စစ်သားစုဆောင်းခြင်းဆိုသည်မှာ စစ်တပ်တွင် တာဝန်ထမ်းဆောင်ရန် လူအများကို ဆွဲဆောင်ခြင်း၊ အားပေးခြင်းဖြစ်ပြီး စစ်မှုထမ်းခိုင်းခြင်းဆိုသည်မှာ မဝင်မနေရ သို့မဟုတ် မဖြစ်မနေ စစ်တပ်ထဲ ဝင်ရခြင်းကို ရည်ညွန်ကြောင်း၊ နိုင်ငံတွင်းနှင့် နိုင်ငံတကာဥပဒေများတွင် အရွယ်ရောက်ပြီးသူများအား စစ်သားအဖြစ် စုဆောင်းခြင်း သို့မဟုတ် စစ်မှုထမ်းခိုင်းခြင်းကို အကြမ်းဖျဉ်းအားဖြင့် ခွင်ပြုထားသော် လည်း ကလေးများ ပါဝင်လာသည့်အခါ ယင်းသို့ စစ်သားစုဆောင်းခြင်းကို စစ်ရာဇဝတ်မှုအဖြစ် သတ်မှတ်နိုင်ကြောင်း IIMM က ပြောဆိုသည်။

IIMM အနေဖြင့် မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့များနှင့် အစိုးရမဟုတ်သော အဖွဲ့များက ကလေးများအား စစ်မှု ထမ်းခိုင်းစေသည့်အမှုများကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ထုတ်ပြန်ပြောဆိုသည်။

“ယခုကာလသည် စိန်ခေါ်မှုများ ပြည့်နှက်နေသော်လည်း မြန်မာနိုင်ငံတွင် ကျူးလွန်သည့် ကြီးလေးသော နိုင်ငံ တကာ ရာဇဝတ်မှုများကို အမိန့်ပေးသူ သို့မဟုတ် ကိုယ်တိုင်ကျူးလွန်သူများကို ယန္တရားက အားစိုက်လုပ်ဆောင်နေသည်ကို အရှိန်လျှော့မည်မဟုတ်ကြာင်း၊ ရာဇဝတ်မှုကျူးလွန်သူများက မည်သည့်လူမျိုးစု သို့မဟုတ် မည်သည့်နိုင်ငံရေးအဖွဲ့အစည်းက ဖြစ်နေပါစေ ၎င်းတို့ လုပ်ရပ်များအတွက် တရားရုံးတွင် တရားစီခံရရေးကို ရှေးရှု လုပ်ဆောင်လျက်ရှိကြောင်း” IIMM ၏ အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်က ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က မြန်မာနိုင်ငံတစ်ဝန်းတွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်မှုထမ်းတပ်သားသစ်များအဖြစ် စုဆောင်းလျက်ရှိရာ ယင်းသို့ စုဆောင်းခံရသူများတွင် အသက် ၁၅ နှစ်အောက် ကလေးငယ်သူငယ်များစွာ ပါဝင်နေကြောင်း ဒေသပြည်သူများ၏ ပြောဆိုချက်နှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

ဇွန်လ ၂၄ ရက်နေ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLA ၏ ထုတ်ပြန်ချက်အရ ဇွန်လအတွင်း သိမ်းပိုက်ရရှိခဲ့သော ပုလဲမြို့နယ် ကန်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲမှ အသက် ၁၅ နှစ်အရွယ် မောင်နေထက်လင်းကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ရန်ကုန်မှ အသက် ၁၅ နှစ်အရွယ် မောင်နေထက်လင်းကို စစ်သားအဖြစ် ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန်ဒေါင့်ရဲစခန်းတိုက်ပွဲသို့ ပို့ဆောင်စဉ် စစ်သုံ့ပန်းအဖြစ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLA က ဖမ်းဆီးရရှိ ကြောင်း PLA က ဆိုသည်။

အသက် ၁၅ နှစ်အရွယ် မောင်နေထက်လင်းသည် ရန်ကုန်တွင် အကင်ရောင်းနေစဉ် စစ်တပ်က တပ်သားအဖြစ် ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း၊ ယင်းနောက် တောင်တွင်းကြီးမြို့ရှိ အမှတ် ၇ စစ်အခြေခံလေ့ကျင်ရေးတပ်သင်တန်းကျောင်းသို့ ပို့ဆောင်ပြီး သင်တန်း ၅ လတက်ရောက်ခိုင်းကြောင်း၊ ယင်းနောက် ပခုက္ကူ ၂၅၂ တပ်သို့ ရောက်ရှိပြီး မွမ်းမံသင်တန်းတက်ခိုင်းကာ ရဟတ်ယာဉ်ဖြင့် ပုလဲမြို့နယ်၊ အင်မထီးပျူစောထီးကျေးရွာသို့ ပို့ဆောင်ကြောင်း၊ ထိုမှတစ်ဆင့် တိုက်ပွဲဖြစ်ပွားနေသော ကန်ဒေါင့်ရဲစခန်းသို့ ရောက်ရှိခဲ့ကြောင်း၊ ဘန်ကာအတွင်း တာဝန်ချထားစဉ် အိပ်ပျော်နေသဖြင့် စစ်တပ်က ပြန်ဆုတ်သွားချိန် မနှိုးဘဲ ချန်ရစ်ထားခဲ့ကြောင်း စစ်သုံ့ပန်း မောင်နေထက်လင်းက ဝန်ခံထွက်ဆိုထားသည်။

အလားတူ ၂၀၂၄ ခုနှစ် ဧပြီလ ၃ ရက်နေ့ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ အေးချမ်းသာစံပြကျေးရွာမှ အသက် ၁၅ နှစ်အရွယ် မောင်ဖိုးချစ်ကို စစ်မှုထမ်းရန်အတွက်ဟုဆိုကာ စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ကျေးရွာမှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုခဲ့ကြသည်။

အကြမ်းဖက် စစ်ကောင်စီတပ်က နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ အောင်ချမ်းသာစံပြကျေးရွာအတွင်းသို့ လာရောက်ပြီး စစ်မှုထမ်းရန် မဲပေါက်ထားသော မောင်မျိုးချစ်ကို ရှာမတွေ့သဖြင့် ညီဖြစ်သူ အသက် ၁၅ နှစ်အရွယ် မောင်ဖိုးချစ်ကို စစ်တပ်က စစ်မှုထမ်းတပ်သားအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

ထို့အတူ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့ ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ သင်တောရိုးရွာမှ အသက် ၁၅ နှစ်အရွယ် ဖိုးသားထူး အပါအဝင် လူငယ် ၁၀ ဦးကျော်ကို အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီက ၂၀၂၄ ခုနှစ် ဧပြီလမှစတင်ကာ ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် လစဉ် စစ်မှုထမ်းသင်တန်းများ ဖွင့်လှစ်ကာ နိုင်ငံတစ်ဝန်းတွင် စစ်မှုထမ်းတပ်သားသစ်များ အကြီးအကျယ် စုဆောင်းနေခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article