ရန်ကုန်၊ ဇူလိုင် ၃
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်အတွင်း စစ်ကောင်စီ၏ လေယာဉ်ပျက်တွေ့ရှိရသည်ဆိုသော သတင်းများကို လက်ခံရရှိသော်လည်း နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၏ အတည်ပြု တင်ပြမှု မရရှိသေးဘဲ စောင့်ဆိုင်းနေဆဲကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ ဇူလိုင် ၁ ရက်နေ့ ညပိုင်း စစ်ကောင်စီ၏ တိုက်ခိုက်ရေး လေယာဉ်သည် ညအချိန် ခရီးဝေး လေ့ကျင့်ပျံသန်းဆောင်ရွက်စဉ် နေပြည်တော်၏ အရှေ့တောင်ဘက် ကီလိုမီတာ ၁၃၀ အကွာတွင် ရုတ်တရက် ရေဒါမြင် ကွင်းမှ ပျောက်ကွယ်၍ ဆက်သွယ်မှုပြတ်တောက်လျက်ရှိကြောင်း သိရှိရသည်။
ယင်းနောက် ယနေ့ မွန်းလွဲပိုင်းမှစတင်၍ စစ်ကောင်စီ၏ လေယာဉ်ပျက်ကို ဖားဆောင်းမြို့နယ်၊ သံလွင်မြစ်ဘေး တွင် တွေ့ရှိရကြောင်း သတင်းများ ထွက်ပေါ်လာသည်။
” ဖားဆောင်းမှာ လေယာဉ်ပျက်တွေ့တယ်လို့ သတင်းတွေ ကျနော်တို့လည်း တွေ့တယ်။ နယ်မြေခံ တပ်ရင်းတပ်ဖွဲ့တွေဆီက ကြေးနန်းဝင်တာမျိုးတော့ မရှိသေးဘူး။ ဖားဆောင်းမှာ တိုက်ပွဲ အပြင်းအထန်ဖြစ်ခဲ့တော့ အဲဒါကို ဗုံးကျဲဖို့ သွားရင်း လေယာဉ် ပျက်ကျတာ ဖြစ်နိုင်ပါတယ်” ဟု အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ သတင်းရင်းမြစ်က ရှင်းပြသည်။
ဇူလိုင်လ ၁ ရက်နေ့ ညပိုင်း တိုက်လေယာဉ် ပျောက်ဆုံးမှုမှာ ယခုနှစ်၂၀၂၅ ခုနှစ်အတွင်း ၄ စီးမြောက် လေယာဉ် ပျက်ကျခြင်းဖြစ်ပြီး ဇွန်လ ၁၀ ရက်နေ့ ကလည်း စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်စခန်းသိမ်း တိုက်ပွဲအတွင်း ပြည်သူ့လွတ် မြောက်ရေးတပ်မတော် – PLA က ပစ်ချခဲ့သဖြင့် တရုတ်လုပ် F-7 တိုက်လေယာဉ် ပျက်ကျခဲ့ရပြီး လေယာဉ်မှူး သေဆုံးသည်။
အလားတူ မေလ ၂၀ ရက်နေ့ကလည်း ကချင်ပြည်နယ်၊ ဗန်းမော်မြို့ စကခ ၂၁ အတွင်း သို့ စစ်ကူလာသည့် စစ်တပ် ရဟတ်ယာဉ် ၃ စီးကို KIA က ပစ်ခတ်ခဲ့ရာ Mi-17 ရဟတ်ယာဉ် ၂ စီး ပျက်စီးသွားခဲ့ပြီး စစ်တပ်ဘက်မှ လေယာဉ်မှူး အပါအဝင် စစ်သား အနည်းဆုံး ၁၈ ဦးထက်မနည်းသေဆုံးခဲ့ရသည်။
ဓာတ်ပုံ – စစ်ကောင်စီ၏ တိုက်လေယာဉ် ၁ စီး။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
