ရန်ကုန်၊ ဇူလိုင် ၁၄
ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့အနီးကို ဗဟိုပြု၍ ယနေ့ တစ်ရက်တည်း မြေငလျင် ၃ ကြိမ် လှုပ်ရှားခဲ့ပြီး လှုပ်ရှားသော ငလျင်များမှာလည်း ပြင်းအား အဆင့် ၄အထက်တွင်ရှိနေကြောင်း အမျိုးသားညီ ညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ယနေ့ ဇူလိုင်လ ၁၄ ရက်နေ့ နံနက် ၆ နာရီ ၃၁ မိနစ်ဝန်းကျင်အချိန် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့၏အနီး၊ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ခ်တာစကေး ၄ ဒသမ ၆ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း၊ ယင်းနောက် ဒုတိယအကြိမ်အဖြစ် ယနေ့ နံနက် ၇ နာရီ ၀၃ မိနစ်ဝန်းကျင်အချိန် ကျိုင်းတုံမြို့၏အနီး၊ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ခ်တာစကေး ၄ ဒသမ အဆင့်ရှိ ငလျင် ထပ်မံ လှုပ်ခတ်ခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ယနေ့ ဇူလိုင်လ ၁၄ ရက်နေ့၊ မွန်းလွဲ ၂ နာရီ ၃၆ မိနစ်အချိန်ဝန်းကျင်အချိန် တတိယအကြိမ်အဖြစ် ကျိုင်းတုံမြို့၏ အရှေ့ – အရှေ့တောင်ဘက် ၁ ကီလိုမီတာအကွာ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ခ်တာစကေး ၄ ဒသမ ၅ အဆင့်ရှိ ငလျင် ထပ်မံ လှုပ်ခတ်သွားခဲ့ကြောင်း သိရှိရသည်။
“ဒီနေ့ တစ်ရက်တည်း ငလျင် သိသိသာသာ လှုပ်ခတ်တာ ၃ ကြိမ်ရှိနေပြီ။ ကလေးချီပြီး အိမ်ထဲကကို ထွက်ပြေးရတာ။လှုပ်တဲ့ ငလျင်တိုင်း အရမ်းသိသာပါတယ်။ နောက်ဆုံး မွန်းလွဲပိုင်းလှုပ်တာ အကြမ်းဆုံးပဲ” ဟု ကျိုင်းတုံဒေသပြည်သူတစ်ဦးက လူမှုကွန်ရက်မက်ဆင်ဂျာမှတစ်ဆင့် ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အလားတူ ယနေ့ ဇူလိုင်လ ၁၄ ရက်နေ့ နံနက် ၃ နာရီ ၃၄ မိနစ်အချိန်ဝန်းကျင် မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၏အနီး၊ မြေအောက်အနက် ၂ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ခ်တာစကေး ၄ ဒသမ ၅ အဆင့်ဖြင့် အင်အားအသင့်အတင့်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး ပြင်ဦးလွင်တွင် သိသာစွာ ခံစားရကြောင်း၊ မန္တလေးတွင်လည်း ငလျင်လှုပ်ခတ်မှု သိသာစွာ ခံစားရသော်လည်း ယခင်ကကဲ့သို့ မပြင်း ထန်ကြောင်း ဒေသပြည်သူများ၏ ဆက်သွယ်ပြောဆိုချက်များအရ သိရှိရသည်။
ဓာတ်ပုံ – ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့ ညပိုင်း ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့ကြား ငလျင်လှုပ်ခတ်ခဲ့စဉ် အပြိုအပျက်အစီးများ။ (ပုံအဟောင်းဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
