ရန်ကုန်၊ ဩဂုတ် ၁၅
ကချင်ပြည်နယ်တွင် KIA တိုက်ခိုက်သိမ်းပိုက်ထားသော မံစီမြို့နယ်၊ မန့်ဝိန်းကြီးဒေသကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ကြောင်း ဒေသပြည်သူများနှင့်ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဩဂုတ်လ ၁၅ ရက်နေ့ နံနက် ၀၀ နာရီ ၁၅ မိနစ်အချိန်မှစတင်ပြီး နံနက် ၀၀ နာရီ ၃၀ မိနစ်အချိန်အထိ တိုက်လေယာဉ်များဖြင့် ၄ ကြိမ်ဆက်တိုက် ဗုံးများ ကျဲချခဲ့ကြောင်း၊ လက်ရှိပြည်သူတချို့ ထိခိုက်သေဆုံးမှုရှိသည်ဟု သိရှိထားပြီး အရေအတွက်အတိအကျနှင့် အခြေအနေ အသေးစိတ်ကို မသိရှိရသေးကြောင်း ဒေသစစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
“အကြမ်းဖျဉ်းသိရတာက ဟိုတုံရွာနဲ့ ကောင်းခန်စခန်းကို ကျဲသွားတာ။ ပေါင် ၅၀၀ ဗုံး ၁ လုံးနဲ့ ပေါင် ၂၅၀ ဗုံး ၃ လုံးကျဲသွားတယ်” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ဆိုသည်။
စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချသွားသည့်နေရာများမှာ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိသည့်အပြင် စစ်ရေးလှုပ်ရှားမှုလည်းမရှိသော ဒေသများဖြစ်ကြောင်း သိရှိရသည်။
ကချင်ပြည်နယ်၊မံစီမြို့နယ်သည် KIA က ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း သိမ်းပိုက်ခဲ့သော မြို့နယ်တစ်ခုဖြစ်ပြီး ၂၀၂၃ ခုနှစ်ကတည်းက စတင် ထိုးစစ်ဆင်ခဲ့ကြောင်း၊ မံစီမြို့နယ်မှ စစ်ကောင်စီတပ်များဖြစ်သော ခမရ-၆၀၁ ၊ ခမရ-၃၁၉ နှင့် အမြောက် တပ် ၃၅၂ တို့ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းတွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ – ယမန်နေ့ညပိုင်း မိုးကုတ်မြို့ အရှေ့ပိုင်း၊ လင်းရောင်ခြည်ဘုန်းကြီး ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချအပြီး မြင်ကွင်းများ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




