26.8 C
Yangon

မြောက်ဥက္ကလာပမှ အငြိမ်းစား စစ်သားဟောင်း၏ သားဖြစ်သူ ရေကြောင်းတက္ကသိုလ်ကျောင်းသား မောင်ထွန်းအောင်လွင်ကို စစ်တပ်က စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲဖမ်းဆီး၊ ရန်ကုန်တွင် စစ်မှုထမ်းတပ်သားသစ် လိုအပ်ချက် မရှိစေရေး ဆောင်ရွက်ရန် ညွှန်ကြား

Must read

ရန်ကုန်၊ ဩဂုတ် ၁၆

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်မှ အငြိမ်းစား စစ်ဝန်ထမ်း၏ သားဖြစ်သူ ရေကြောင်းတက္ကသိုလ်ကျောင်းသား မောင်ထွန်းအောင်လွင်ကို စစ်တပ် ပေါ်တာဆွဲဖမ်းဆီးသွားကြောင်း အဒေါ်ဖြစ်သူ စန္ဒာဦးက လူမှုကွန်ရက်မှတစ်ဆင့် ရေးသား အကူအညီတောင်းခံထားသည်။

ဩဂုတ်လ ၉ ရက်နေ့ ရေကြောင်းတက္ကသိုလ်ကျောင်းသား မောင်ထွန်းအောင်လွင်သည် မြောက်ဥက္ကလာပမြို့နယ်ရှိ နေအိမ်သို့ ပြန်လည်မရောက်လာတော့ကြောင်း၊ ဩဂုတ်လ ၁၃ ရက်နေ့ ညပိုင်းတွင် မောင်ထွန်းအောင်လွင်က ဟိုပုံးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ရောက်ရှိနေသည်ဟု နေအိမ်သို့ ဖုန်းဆက် အကြောင်းကြားလာကြောင်း၊ နောက်တစ်နေ့ နံနက်ပိုင်း ဗထူးတပ်သို့ ပို့ဆောင်မည်ဖြစ်ပြီး စာချုပ်ချုပ်ပြီးပြီဖြစ်၍ ထွက်ပြေး၍ မရဟု ပြောဆိုကြောင်း၊ ပေါ်တာဆွဲ ဖမ်းဆီးသွားသူများက ထိုးကြိတ်ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ဖုန်းဆက်အသိပေးလာကြောင်း၊ မိသားစုက မောင်ထွန်းအောင်လွင်ကို ထပ်မံ ဆက်သွယ်သောအခါ အဆက်အသွယ်မရရှိတော့ကြောင်း သိရှိရသည်။

မောင်ထွန်းအောင်လွင်၏ ဖခင်ဖြစ်သူ အငြိမ်းစား စစ်ဝန်ထမ်း ဦးဝိုင်းမော်ချစ်ဖြစ်ပြီး မြောက်ဥက္ကလာပမြို့နယ်မှ ဟိုပုံးမြို့နယ်အထိ ခေါ်ဆောင်ခံရမှုမှာ သဘောရိုးမဟုတ်ကြောင်း၊ လူဖမ်းသူများက ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း အဒေါ်ဖြစ်သူက ဆိုသည်။

“မြောက်ဥက္ကလာမှာနေတဲ့ ကလေးကို ဟို ပုန်း ထိ ခေါ်သွားပြီး စစ်ထဲထည့်တာ ထိုးကြိတ် ပြီး ခေါ်သွားတာ တွေဟာ သဘော ရိုးမဟုတ်ဘူးလို့ကျမမြင်ပါတယ်။ ကျမစိတ်အထင် တပ်ကခေါ်သွားတာမဟုတ်လောက်ပါဘူး။ လူဖမ်းသူက တစ်ဖွဲ့ ဖြစ်ပါလိမ့် မယ်” ဟု အဒေါ်ဖြစ်သူ စန္ဒာဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။

လတ်တလော ရန်ကုန်တိုင်းအတွင်းတွင် စစ်မှုထမ်းတပ်သားသစ်လိုအပ်ချက်မရှိစေရေး ဆောင်ရွက်ရန် မြို့နယ် စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့များထံသို့ ရန် ကုန်တိုင်းစစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က ညွှန်ကြားချက်တစ်ရပ် ထုတ်ပြန်ထားကြောင်း မြို့နယ် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တစ်ခုမှ အဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“စစ်မှုထမ်းခေါ်ယူတဲ့နေရာမှာ လိုအပ်ချက်မရှိအောင် လုပ်ပါလို့ ညွှန်ကြားချက် ထွက်ပါတယ်။ ဘယ်လိုလုပ်ဆိုတာ မပါဘူး။ အဆင်ပြေသလို လုပ်ပါလို့ ပြောတဲ့သဘောပဲ။ တချို့မြို့နယ်တွေကတော့ ငွေနဲ့လူဝယ်ကြတယ်။ တချို့မြို့နယ်တွေကတော့ ရပ်ကွက်နဲ့ လမ်းဆုံလမ်းခွတွေမှာ ဖမ်းဆီးတာမျိုးလုပ်ကြတယ်။ ဥပမာ- လသာမြို့နယ်လိုနေရာမျိုးကတော့ ငွေကြေးတတ်နိုင်သူများတော့ စစ်မှုထမ်းအတွက် ဖမ်းတာဆီးတာမျိုး သူတို့ မြို့နယ်ထဲမှာ သိပ်မလုပ်ဘူး။ ရပ်ကွက်နဲ့ လမ်းလူကြီးတွေက ငွေကောက်ပြီး လူစားထိုး လိုက်ဝယ်ကြတာ။ ဒလ၊ လှိုင်သာယာနဲ့ ဒဂုံမြို့သစ်၊ ရွှေပြည်သာဘက်မှာ လူစားထိုး လိုက်ဝယ်ကြတယ်။ ညွှန်ကြားချက်ကလည်း စစ်မှုထမ်း လိုအပ်ချက် မရှိအောင် လုပ်လို့ပဲ ပြောတာ၊ ဘယ်လိုလုပ်ပါလို့ မပြောတော့ အဆင်ပြေသလို မြို့နယ်တွေက လုပ်နေကြတာ” ဟု မြို့နယ် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဝင်က ရှင်းပြသည်။

ရန်ကုန်တိုင်းအတွင်း ကားမှတ်တိုင်၊ လမ်းဆုံလမ်းခွများတွင် လူမိုက်များနှင့်ပျူစောထီးများ ပူးပေါင်းကာ လူငယ်များကို စစ်မှု ထမ်းအဖြစ် အတင်းဓမ္မ ဖမ်းဆီးခေါ်ဆောင်မှုများရှိနေပြီး ယင်းဖြစ်စဉ်များအတွက် သက်ဆိုင်ရာ ထွေ/အုပ်များကို အသိပေးခွင့်ပြုချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန်တိုင်းအတွင်း စစ်မှုထမ်းလူစားထိုး အရောင်းအဝယ်စျေးကွက်တွင်လည်း လူစားထိုးရန် စစ်မှုထမ်းတပ်သားသစ်တစ်ဦးလျှင် ငွေကျပ် သိန်း ၈၀ အနည်းဆုံးပေါက်စျေးရှိနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article