ရန်ကုန်၊ ဩဂုတ် ၁၈
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသကို စစ်တပ်က ယမန်နေ့ လေယာဉ်ဖြင့် ဗုံးကျဲချခဲ့မှုကြောင့် သေဆုံးသူ ပြည်သူ ၂၄ ဦးအထိရှိလာနေပြီး သေဆုံးသူ အရေအတွက် ဆက်တိုးလာနိုင်ကြောင်း ဗုံးဒဏ်သင့် ပြည်သူများကို ကူညီကယ်ဆယ်ရေးတွင် ပါဝင်နေသူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဩဂုတ်လ ၁၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်အချိန် ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသ၊ ၁၆ ကုန်းသို့ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ကလေးငယ် ၅ ဦး အပါအဝင် ပြည်သူ ၂၄ ဦးသေဆုံးသွားခဲ့ပြီး ဒဏ်ရာရရှိသူလည်းများပြားကြောင်း၊ ဒဏ်ရာရရှိသူများတွင် အသက်အန္တရာယ်စိုးရိမ်ရသူများ ပါဝင်သဖြင့် သေဆုံးသူ အရေအတွက် တိုးလာနိုင်ကြောင်း သိရှိရသည်။
“မနေ့ နေ့လယ်ပိုင်းကနေ တစ်နေကုန် ကယ်ဆယ်ရေး အလောင်းတွေ သယ်၊ လူနာတွေသယ်လုပ်ရတယ်။ အပျက်အစီးတွေ အောက်မှာ အလောင်းတွေ တစ်လောင်းပြီး တစ်လောင်း ထွက်လာတယ်။ မနေ့က အထိ စုစုပေါင်း ၂၄ ဦး။ ဒဏ်ရာရသူတွေမှာလည်း ဒဏ်ရာ ပြင်းထန်သူတွေပါတော့ သေဆုံးသူတိုးလာနိုင်တယ်။ နောက်တစ်ခါ အပျက်အစီးတွေအောက်မှာ အလောင်းရှိနိုင်တယ်။ ပျောက်ဆုံးသူတချို့လည်းရှိတယ်လို့ သိရတယ်” ဟု ကူညီကယ်ဆယ်ရေးတွင် ပါဝင်လျက်ရှိသော ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ယမန်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်ကလည်း ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသရှိ လိုခါးလို ပြည်သူ့ဆေးရုံကို အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ကလေး ၁ ဦးအပါအဝင် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိကာ ဆေးရုံပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။
“မနေ့က မနက်ပိုင်းရော နေ့လယ်ပိုင်းရော စစ်တပ် ဗုံးကျဲတာကြောင့် သေဆုံးဒဏ်ရာရရှိသူတွေအားလုံးက ပြည်သူစစ်စစ်တွေချည်းပဲ။ လက်နက်ကိုင်တပ်ဖွဲ့ဝင် တစ်ဦးမှ မပါဘူး။ ဗုံးကျဲချတာကလည်း လူနေရပ်ကွက်၊ အင်တာနက်ဆိုင်၊ မူလတန်းကျောင်းနားကို ကျဲချတာ။ အင်မတန်မှ ယုတ်မာရိုင်းစိုင်းတဲ့လုပ်ရပ်ပါ” ဟု မော်ချီးဒေသမှ သတ္တုမိုင်းလုပ်ကိုင်နေသူ ဝါရင့် တူးဖော်ရေးလုပ်ကိုင်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်က ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသကို မကြာခဏဆိုသလို လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်နေရာ ပြည်သူများ မကြာခဏ သေဆုံးမှုများ ဖြစ်ပေါ်လျက်ရှိသည်။
ဇူလိုင်လ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်တွင် မော်ချီးမြို့၊ စက်စရာရပ်ကွက်ရှိ Wifi သုံးနေသော လူအုပ်စုထဲကို အကြမ်းဖက် စစ်တပ်က လေယဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ဆိုင်ပိုင်ရှင်နှင့် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၇ ဦး သေဆုံးခဲ့ပြီး ပြည်သူ ၂၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
အလားတူ ဇူလိုင် ၉ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်ခန့်ကလည်း မော်ချီးမြို့ လိုလော်ထီးရွာကို အကြမ်းဖက် စစ်တပ်က ပေါင် ၂၀၀ ဗုံး ၂ လုံးနဲ့ ကျဲချ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၆ ဦး သေဆုံးခဲ့ပြီး နေအိမ်များလည်း ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။
ယင်းအပြင် ဇွန်လ ၂၅ ရက်နေ့ နံနက် ၁၁ နာရီခန့်အချိန် ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသ၊ တောင်ပေါ်ရွာတွင် တိုက်ပွဲ ဖြစ်ပွာခြင်း မရှိဘဲ စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ခဲသတ္တုတူးဖော်ရေးလုပ်ငန်းခွင်နှင့် ကုန်စုံဆိုင်တစ်ဆိုင် ပေါ်သို့ ဗုံးများ ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ ၇ ဦးသေဆုံးကာ အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




