ထိုင်းနိုင်ငံ၊ နခွန်ပထုံရှိ စက်ရုံတစ်ခုတွင် မြန်မာအလုပ်သမားများ မတရား သဖြင့် အလုပ် ထုတ်ခံရမှုအတွက် MHAC နှင့် NUG က တရားဥပဒေပါ အခွင့်အရေးများနှင့် နစ်နာကြေးများ ရရှိရေး ဆောင်ရွက်နေကြောင်း M.H.A.C မဟာမိတ်အဖွဲ့၏ ဦးဆောင်သူ အေအေစီ ကိုရဲမင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ထိုင်းနိုင်ငံ စက်ရုံတစ်ခုတွင် မြန်မာအလုပ်သမားများ မတရားအလုပ်ခိုင်းစေခံရပြီး အလုပ်နားရက်မပေးခြင်း၊ ရုံးပိတ်ရက်များတွင်ပါ အလုပ်ဆင်းရပြီး ဥပဒေအတိုင်း မရရှိခြင်းကြောင့် အလုပ်သမားအခွင့်အရေးရရှိရန် တောင်းဆိုသည့်အနေဖြင့် ကိုယ့်သဘောဖြင့် ကိုယ် အလုပ် ၁ ရက် နားလိုက်ကြကြောင်း၊ ယင်းသို့ အလုပ်နားသည့်အတွက် အလုပ်ရှင်က မြန်မာအလုပ်သမားများကို အလုပ်ထုတ်ပယ်လိုက်ကြောင်း သိရှိရသည်။
စက်တင်ဘာလ ၁၀ ရက်နေ့တွင် မြန်မာအလုပ်သမားကို အလုပ်မှ ကြိုတင်မကြောင်းမကြားဘဲ အလုပ် ၁ ရက် နားသည်ဟုဆိုကာ အလုပ်ရှင်က အလုပ်မှ ထုတ်ပယ်ခဲ့ကြောင်း၊ ထုတ်ပယ်ခံရသည့် အလုပ်သမားများမှာ ၅၀ ကျော်သော်လည်း စက်ရုံဘက်က ဖိအားကြောင့် မတိုင်ရဲကြဘဲ အလုပ်သမား ၉ ဦးသာ M.H.A.C အဖွဲ့သို့ အကူအညီတောင်းခံလာကြောင်း သိရှိရသည်။
“စက်ရုံက အလုပ်သမားတွေကို အလုပ်ပေးမနားသလို ပိတ်ရက်လည်း မပေးဘူး။ ပြီးတော့ ရုံးပိတ်ရက်တွေမှာပါ အလုပ်ခိုင်းပြီး ၂ ဆ ပေးရမှာကို မပေးဘူး။ နေမကောင်းလို့ နားတောင် ဆရာဝန်ဆေးစာပါတာတောင် ပိုက်ဆံဖြတ်တာတွေ လုပ်တာ။ အဲဒါကြောင့် အလုပ်သမားတွေက မတရားတာကို တောင်းဆိုတဲ့အနေနဲ့ အလုပ်တစ်ရက် နားလိုက်တာကို အလုပ်ဖြုတ်ပစ်တာ။ အခု စက်ရုံဘက်က အလုပ်သမားတွေတင် မကဘူး ကိုရဲမင်းတို့ အလုပ် သမား ကူညီတဲ့ လူတွေကိုပါ ဖိအားပေးနေတာ။ အဲဒါကြောင့် ဘာလုပ်တဲ့ စက်ရုံလဲဆိုတာ မပြောတာပါ။ ခုက ထိုင်းမှာက မြန်မာအလုပ်သမားတွေ များနေတာ စက်ရုံဘက်က မတရားလုပ်တာတွေကြောင့်ရော ပွဲစားနဲ့ စာရေးမပေါင်း စမတ်ခတွေ ခဏခဏ လိုချင်တာရော အဲဒီအချက်တွေကြောင့် အလုပ်သမားတွေကို မတရားလုပ်ဆောင်တာတွေ များလာနေတယ်” ဟု က M.H.A.C မဟာမိတ်အဖွဲ့၏ ဦးဆောင်သူ အေအေစီ ကိုရဲမင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
စက်ရုံဘက်မှ ဖိအားပေးမှုကြောင့် အလုပ်ထုတ်ခံရသည့် အလုပ်သမား ၅၀ အနက်မှ မြန်မာအလုပ်သမား ၉ ဦးသာ မတရားခံရမှုအတွက် အကူအညီပေးရန် တောင်းဆိုကြောင်း သိရှိရသည်။
ထို့ပြင် စက်ရုံက အလုပ်သမားများကို အလုပ်ထုတ်ချိန်တွင် လက်မှတ်ထိုးခိုင်းကာ အလုပ်ထုတ်ပစ်လိုက်ခြင်း ဖြစ်ပြီး အလုပ်သမားများသည် မည်သည့်စာရွက်မှန်း မသိ၍ လက်မှတ်ထိုးပေးလိုက်ကြကြောင်း၊ ထိုင်း အလုပ်သမားဥပဒေအရ လက်မှတ်ထိုး၍ အလုပ်ထုတ်ခံရခြင်းသည် အပြစ်ရှိကြောင်း ဝန်ခံသကဲ့သို့ ဖြစ်နေကြောင်း M.H.A.C မဟာမိတ်အဖွဲ့၏ ပြန်ကြားရေးနှင့်အမှုတာဝန်ခံ ကိုဇင်ပိုင်က ပြောဆိုသည်။
“စက်ရုံဘက်ကို တာဝန်ရှိသူတွေအနေနဲ့ တစ်ခါတည်း ဆက်သွယ်မေးမြန်းတယ်။ အလုပ်သမားတွေက မတရားခံလိုက်ရတာ မှန်ပေမယ့် အလုပ်ရုံဘက်က အတင်းအကြပ်လက်မှတ်ထိုးခိုင်းတော့ လက်မှတ်ထိုးထားလိုက်တယ်။အလုပ်သမားတွေကလည်း ဘာစာရွက်မှန်း သေချာမသိဘဲ လက်မှတ်ထိုးလိုက်တာဆိုတော့ အပြစ်ရှိကြောင်းဝန်ခံသလို ဖြစ်သွားတာပေါ့။ ကျန်တဲ့ချိုးဖောက်ခံထားရတာတွေကိုထိုင်းနိုင်ငံရဲ့အလုပ်သမားဥပဒေနဲ့ညီတဲ့ ချိုးဖောက်ခံရမှုမှန်သမျှကိုတော့ ကျွန်တော်တို့အနေနဲ့ဆက်လက်ကူညီပေးသွားမှာပါ”ဟု M.H.A.C မဟာမိတ်အဖွဲ့၏ ပြန်ကြားရေးနှင့်အမှုတာဝန်ခံ ကိုဇင်ပိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
လက်ရှိတွင် အဆိုပါ အလုပ်သမားအရေးအတွက် 𝐌.𝐇.𝐀.𝐂(မဟာမိတ်အဖွဲ့) က 𝐍𝐔𝐆 အလုပ်သမားဝန်ကြီးဌာနညွှန်ကြားရေးမှုးဦးနိုင်ထွန်းဦးနှင့် အတူ သက်ဆိုင်ရာ နယ်မြေခံ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးတွင် ကူညီဆောင်ရွက်ပေးနေကြောင်း M.H.A.C မဟာမိတ်အဖွဲ့ထံမှ သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar



