30 C
Yangon

UWSA ၏ မြေရှားသတ္တုတွင်းများကြောင့် ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းခတ်မြို့နယ်ရှိ နမ့်လွေမြစ်ကမ်းတလျှောက် လယ်ယာမြေ ဧကပေါင်းများစွာ နှုန်းတင် ရေကြီးပြီး လယ်ယာမြေများပျက်စီး

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၉

“၀” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်-UWSA ၏ မြေရှားသတ္တုတွင်းများကြောင့် ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းခတ်မြို့နယ်ရှိ နမ့်လွေမြစ်ကမ်းတလျှောက် လယ်ယာမြေ ဧကပေါင်းများစွာ နှုန်းတင် ရေကြီးပြီး လယ်ယာမြေများပျက်စီးလာကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က သတင်းထုတ်ပြန်သည်။

၂၀၂၅ ခုနှစ် ဇူလိုင်လနှောင်းပိုင်းမှ စ၍ ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းခတ်မြို့နယ်ရှိ နမ့်လွေမြစ်ကမ်းတလျှောက် မကြုံစဖူး နှုန်းမြေပါဝင်သော ရေကြီးမှုကြောင့် လယ်ယာမြေများ စွာ ပျက်စီးခဲ့ရကြောင်း၊ အဆိုပါ ဒေသသည် “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်နယ်မြေဖြစ်သော မိုင်းပိုက်ဒေသရှိ မြေရှားသတ္တုတွင်းများ၏ အောက်ဘက်ကီလိုမီတာ ၂၀ ခန့်အကွာတွင် တည်ရှိကြောင်း သိရှိရသည်။

ဇူလိုင်လ ၂၇ ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နမ့်လွေမြစ်ရေလျှံတက်ခဲ့ပြီး မြစ်ကမ်းနှစ်ဖက်ရှိ လယ်ကွင်းများကို နှစ်မီတာအနက်အထိ ရေလွှမ်းမိုးခဲ့ကြောင်း၊ ၃ ရက်အကြာ ရေပြန်ကျသွားသော အခါ ရေလွှမ်းမိုးခဲ့သော လယ်ကွင်းများ၏ ထက်ဝက်ခန့်တွင် စင်တီမီတာ ၆၀ အနက်ရှိသော နှုန်းမြေများ ကျန်ရစ်ခဲ့ကြောင်း၊ ဒေသထွက် သီးနှံများဖြစ်သည့် အဓိကအားဖြင့် စပါး၊ ပြောင်း၊ မြေပဲနှင့် ပဲပုပ်တို့ပျက်စီးခဲ့ကြောင်း ၊ တောင်သူများက ရွှံ့နွံဖုံးလွှမ်းခြင်းမရှိသော လယ်ကွင်းများတွင် သီးနှံများကို ပြန်လည် စိုက်ပျိုးခဲ့ကြသော်လည်း ဩဂုတ်လ ၅ ရက်နေ့ နမ့်လွေမြစ်သည် ထပ်မံရေကြီးခဲ့သဖြင့် နှုန်းမြေအသစ်များကို သယ်ဆောင်လာခဲ့ကြောင်း၊ အသစ်စိုက်ပျိုးထားသော သီးနှံများမှာလည်း ၃ ရက် ကြာမြင့်သည့် ရေကြီးမှုကြောင့် ထပ်မံပျက်စီးခဲ့ရကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ပြောသည်။

တောင်သူများအနေဖြင့် ၎င်းတို့၏သီးနှံများကို ထပ်မံ၍ ပြန်လည်စိုက်ပျိုးရန် ကြိုးစားခဲ့ကြသော်လည်း ဩဂုတ်လ ၁၀ ရက်နေ့ နမ့်လွေမြစ်ရေ ထပ်မံကြီးခဲ့ကြောင်း၊ အသစ်စိုက်ပျိုးထားသော လယ်ကွင်းများမှာ တတိယအကြိမ် ထပ်မံ ပျက်စီးသွားခဲ့ကြောင်း၊ ဒေသပြည်သူများ၏ ပြောကြားချက်အရ ယခုနှစ်ကဲ့သို့ နှုန်းမြေများကြောင့် ဖြစ်သော ပျက်စီးမှုများကို ယခင်က မကြုံဖူးကြောင်း၊ ၂၀၂၄ ခုနှစ် ဇူလိုင်လနှင့် အောက်တိုဘာလကြားတွင် နမ့်လွေမြစ် ရေကြီးမှု ဆိုးရွားခဲ့ပြီး မိုင်း ခတ်မြို့တွင် ရေအနက် နှစ်မီတာ အထိ ရေလွှမ်းမိုးခဲ့သော်လည်း ရွှံ့နွံအကြွင်းအကျန်များ မရှိခဲ့သောကြောင့် သီးနှံများ ပျက်စီးမှုမရှိခဲ့ကြောင်း သိရှိရည်။

မိုင်းခတ်မြို့နယ်ရှိ လယ်ယာမြေများ နှုန်းတင် ပျက်စီးမှုသည် UWSA ထိန်းချုပ်ထားသော မိုင်းပေါက်ဒေသတွင် မြေရှားသတ္တုတွင်းများ တိုးချဲ့လာခြင်းနှင့် ၎င်းသတ္တုတွင်းများမှ စွန့်ပစ်ရေများသည် မိုင်းခတ်မြို့အထက်ပိုင်းရှိ နမ့်လွေမြစ်ထဲသို့ စီးဝင်သော ချောင်းများထဲသို့ အဓိကစီးဆင်းနေခြင်းကြောင့် ဖြစ်ကြောင်း၊ နမ့်လွေမြစ်အတွင်းတွင်လည်း အနည်အနှစ်ပမာဏ မြင့်တက်လာရခြင်းမှာ အဆိုပါသတ္တုတွင်းများကြောင့် ဖြစ်သည်ဟု ယူဆရကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က သုံးသပ်ပြောဆိုသည်။

မိုင်းပေါက်ရှိ မြေရှားသတ္တုတွင်းများတွင် ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေသော in-situ leaching နည်းဖြင့် ဓာတ်သတ္တုရည်ဖျော်ထုတ်သည့် နည်းလမ်းများကို အသုံးပြုနေပြီး တောင်စောင်းများ၏ နေရာအနှံ့ အပြား သို့ ဓာတုပစ္စည်းများ ထိုးသွင်းခြင်း ပါဝင်သောကြောင့် သစ်တောများ အကြီး အကျယ် ပြုန်းတီးမှု နှင့် မြေပြိုကျမှုများကို ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။

မိုင်းခတ်မြို့၏ မူလနေထိုင်သူအများစုမှာ ရှမ်းလူမျိုးများဖြစ်ကြပြီး စိုက်ပျိုးရေးကို အဓိကအသက်မွေးဝမ်း ကျောင်း လုပ်ငန်းအဖြစ် အားထားကြသူများဖြစ်ကြောင်း ၊ မိုင်းခတ်တောင်သူများ အားထားရသည့် လွေမြစ်အတွင်းသို့ မိုင်းပေါက်ရှိ မြေရှားသတ္တုတွင်းများအပြင် NDAA (မိုင်းလားအဖွဲ့) ထိန်းချုပ် နယ်မြေအတွင်း လွေမြေထဲသို့ စီးဝင်နေသည့် အခြား မြေရှားသတ္တုတွင်း ၁၉ ခုရှိနေသေးကြောင်း ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article