26.2 C
Yangon

တိုက်ပွဲ ပြင်းထန်နေသော ကျောက်မဲတွင် စစ်တပ်က ပင်တီးရွာ ဘုန်းကြီးကျောင်းကို လေယာဉ်ဖြင့် ဗုံးကျဲ ဖျက်ဆီး၊ စစ်တပ်က နောင်ပိန်ကျေးရွာကို သိမ်းပိုက်ပြီးနောက် စျေးဆိုင်များကို ဖောက်ထွင်းလုယက်

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၄

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ ပင်တီးရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင်အချိန် အကြမ်းဖက် စစ်တပ်က ပင်တီးရွာ ဘုန်းကြီးကျောင်းကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ် ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှု မရှိသော်လည်း ဘုန်း ကြီးကျောင်းဆောင်များ ပျက်စီးခဲ့ကြောင်း သိရသည်။

“စစ်ခွေးတွေက လေကြောင်းနဲ့ ကျောက်မဲမြို့ ပင်တီးရွာ ဘုန်းကြီးကျောင်းကို ဒီနေ့ မွန်းလွဲပိုင်းမှာ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်သွားတာ ပြည်သူတွေတော့ ထိခိုက်မှု မရှိဘူး။ ဘုန်းကြီးကျောင်းဆောင်တော့ ထိခိုက်ပျက်စီးတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

အလားတူ ကျောက်မဲမြို့နယ်တွင် စစ်တပ်က နောင်ပိန်ရွာကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက်နောင်ပိန်ဈေးအတွင်းမှ စျေးဆိုင်များကို ဖောက်ထွင်းကာ ပြည်သူပိုင် ပစ္စည်းတွေကို စိတ်ကြိုက်ခိုးယူသွားကြောင်း၊ ထို့ပြင် စစ်သားများသည် နောင်ပိန်ရွာအတွင်းတွင်လည်း ဗလီနှင့် ပြည်သူပိုင် နေအိမ်များကိုလည်း ဝင်ရောက် တပ်စွဲခြင်း၊ ဖျက်ဆီးခြင်းများ ဆက်တိုက် လုပ်ဆောင်နေကြောင်း သိရသည်။

“နောင်ပိန်ရွာကိုရောက်နေတဲ့ စစ်ခွေးတွေကလည်း နောင်ပိန်ဈေးကို ဖောက်ချ လိုက်ပြီး ပြည်သူပိုင် ပစ္စည်းတွေကို စိတ်ကြိုက် ယူဆောင်နေတယ်။ နောက်ပြီး ပြည်သူပိုင် နေအိမ်တွေကိုလည်း ချိုးဖောက်ဝင်ရောက်ပြီး တန်ဖိုးကြီး ပစ္စည်းတွေကို ယူဆောင်တယ်။ နေအိမ်တွေထဲမှာလည်း ဝင်ရောက် နေထိုင်နေတယ်။ နောက်ပြီး စစ်ခွေးတွေက နောင်ပိန်ရွာ ဗလီကိုလည်း ဝင်ရောက် စီးနင်းပြီး ဗလီထဲ အရက်တွေသောက်ပြီး ပစ္စည်းတွေကို ဖျက်ဆီးထားတယ်” ဟု ဒေသပြည်သူ ဆက်လက်ပြောဆိုသည်။

လက်ရှိချိန်တွင် ကျောက်မဲမြို့နယ်၌ အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ ထိတွေ့ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး နားအိုက်ခန့်ရွာ အနီး တဝိုက်တွင် တိုက်ပွဲ ဆက်လက် ပြင်းထန်နေကြောင်း၊ ထို့ပြင် စစ်တပ်သည် ပြည်သူများ နေထိုင်သော ကျေးရွာများကို ပစ်မှတ်ထားပြီး လေယာဉ်၊ လက်နက်ကြီးများဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်နေကြောင်း သိရသည်။

စစ်တပ်က ကျောက်မဲမြို့ကို သိမ်းပိုက်နိုင်ရေးအတွက် စစ်ကြောင်းများကို စစ်အင်အားများ ဖြည့်တင်းကာ မရပ်မနားထိုးစစ်ဆင်လျက်ရှိကြောင်း၊ စစ်တပ်စစ်ကြောင်းများတွင် စစ်မှုထမ်းတပ်သားသစ်များကို အဓိက အသုံးပြုနေကြောင်း တပ်သတင်းရင်းမြစ်တစ်ခုက ပြောဆိုထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article