24.7 C
Yangon

စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲ အကောင်အထည်မပေါ်စေရန် NLD ပါတီက မိတ်ဖက်အင်အားစုများအားလုံးနှင့်ပူးပေါင်းဆောင်ရွက်မည်

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၇

အကြမ်းဖက် စစ်တပ်က ပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲကို NLD ပါတီက အသိပြုမည်မဟုတ်ဘဲ ရွေးကောက်ပွဲ အကောင်အထည်မပေါ်စေရန် မိတ်ဖက်အင်အားစုများအားလုံးနှင့် ပူးပေါင်း ဆောင်ရွက်မည်ဟု ယနေ့ စက်တင်ဘာလ ၂၇ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်လိုက်သည်။

မင်းအောင်လှိုင် ဦးဆောင်သော အကြမ်းဖက်စစ်တပ်သည် ပြည်သူလူထု၏ ဆန္ဒကို လျစ်လျူရှုပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ကာ အဓမ္မအာဏာလုယူပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယဥက္ကဋ္ဌ (၁) နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်၊ ဒုတိယဥက္ကဋ္ဌ (၂) မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အပါအဝင် အစိုးရအဖွဲ့အကြီးအကဲများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်များကို မတရားဖမ်းဆီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသော ပြဿနာအရပ်ရပ်ကြောင့် နိုင်ငံတကာနှင့် ပြည်သူလူထုကို ထပ်မံလှည့်စားရန်၊ နိုင်ငံရေးတရားဝင်မှုရရန် ရည်ရွယ်ကာ အာဏာလု စစ်တပ်သည် အတုအယောင်ရွေးကောက်ပွဲတစ်ရပ်ကို ကျင်းပမည်ဖြစ်သဖြင့် တရားဝင်မှုနှင့် တရားမျှတမှု လည်း ရှိမည်မဟုတ်သောကြောင့် မိမိတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် လက်မခံ၊ အသိအမှတ် မပြု၊ ပူးပေါင်းဆောင်ရွက်မည်မဟုတ်ဘဲ ထိုအတုအယောင်ရွေးကောက်ပွဲ အကောင်အထည်မပေါ်စေရန် မိတ်ဖက်အင်အားစုများအားလုံးနှင့် ပူးပေါင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း NLD ပါတီ ဗဟိုအလုပ်ကော်မတီက ပြောဆိုထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အားလုံး၏ ၈၂ ဒသမ ၃၆ ရာခိုင်နှုန်း အနိုင်ရရှိပြီး လွှတ်တော်ကိုယ်စားလှယ် ၉၂၀ ဦး ရွေးချယ်တင်မြှောက်ခံရကြောင်း၊ ထို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ရလဒ်သည် နောက်တကြိမ်ကျင်းပမည့် လွတ်လပ်ပြီး တရားမျှတမှုရှိသော ရွေးကောက်ပွဲရလဒ် ပေါ်ထွက် လာချိန်အထိ တရားဝင်တည်ရှိနေမည်ဖြစ်ကြောင်း NLD ပါတီက ဆိုသည်။

မြန်မာ့နိုင်ငံရေး ပြဿနာအရပ်ရပ်ကို ပြေလည်စေရေးအတွက် အာဆီယံအပါအဝင် အိမ်နီးချင်း နိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများ၏ ကြိုးပမ်းအားထုတ်မှုများကို အသိအမှတ်ပြု ကျေးဇူးတင်ကြောင်း၊ နိုင်ငံတကာအနေဖြင့် မြန်မာ့နိုင်ငံရေးပြဿနာကို လတ်တလောပြေလည်စေရေးအတွက်သာ မဟုတ်ဘဲ ပြဿနာအရင်းအမြစ်ကို သိရှိရန် လိုအပ်ပြီး အတုအယောင်ရွေးကောက်ပွဲအပါအဝင် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးကို အထောက်အကူဖြစ်စေမည့်ကိစ္စရပ်များအား ရှောင်ဖယ်၍ ပြည်သူလူထု၏ ဆန္ဒအပေါ် အခြေခံပြီး စဥ်းစားဆောင်ရွက်ကြမှသာ ရေရှည်ခိုင်မာသော တည်ငြိမ်အေးချမ်းမှုကို ရရှိမည်ဖြစ်ကြောင်း NLD က ထောက်ပြသည်။

၂၀၂၀ ခုနှစ် နိုဝင်ဘာ ၁၂ ရက်နေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တိုင်းရင်းသားနိုင်ငံရေးပါတီ များသို့ ပေးပို့သော “နောင်အနာဂတ် မြန်မာနိုင်ငံအတွက် ရှေးရှုရမည့် ပြည်ထောင်စုအရေးကိစ္စ” အိတ်ဖွင့် ပေးစာတွင် ဒီမိုကရေစီ ဖက်ဒရယ်ပြည် ထောင်စုပေါ်ထွန်းရေးကို မမှိတ်မသုန် ဆက်လက်ကြိုးပမ်း သွားမည်ဖြစ်ပြီး နောင်အနာဂတ်တွင် တိုင်းရင်းသားလူမျိုးစုများ၏ ဆန္ဒများကို အလေးထား ဆောင်ရွက်သွားမည်ဟု ဖော်ပြခဲ့သည့် ကတိကဝတ်အတိုင်း ဒီမိုကရေစီပြည်ထောင်စု တည်ဆောက် နိုင်ရေး ကနဦးလုပ်ငန်းစဥ်အဖြစ် ဖက်ဒရယ်ယူနစ်များအလိုက် ကြားကာလအစီအမံများ ဖော်ထုတ် အကောင် အထည်ဖော်ခြင်းကို သက်ဆိုင်ရာယူနစ်တွင်း ဘုံရည်မှန်းချက်တူ နိုင်ငံရေးအင်အားစုများ၊ တော်လှန်ရေးအင်အားစုများနှင့်အတူ ဆက်လက်အကောင်အထည်ဖော်မည်ဖြစ်ပြီး တိုင်းရင်းသား အင်အားစုများနှင့်လည်း ရင်းနှီးပွင့်လင်းစွာ ဆက်ဆံရေး တိုးမြှင့်တည်ဆောက်သွားမည်ဖြစ်ကြောင်း NLD က ကတိပြုထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုတိယဥက္ကဋ္ဌ (၁) နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်တို့ကို မည်သည့်နေရာ၌ ဖမ်းဆီးချုပ်နှောင်ထားသည် ကို ယနေ့တိုင် မသိရှိရဘဲ ကျန်းမာရေးအခြေအနေ စိုးရိမ်ရသောသတင်းများ ထွက်ပေါ်လာမှုကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် အထူးစိုးရိမ်ပူပန်မိကြောင်း၊ စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသော မြန်မာ့နိုင်ငံရေးပြဿနာများကို ဖြေရှင်းရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မပါဝင်သော တွေ့ဆုံဆွေးနွေးမှုများသည် ပြေလည်မှုမရရှိနိုင်သောကြောင့် မတရားဖမ်းဆီးခံထားရသော ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဥ်းသားများအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်နိုင်ရေးအတွက် မိတ်ဆွေနိုင်ငံများ၊ ပြည်တွင်း၊ ပြည်ပမိတ်ဖက်အင်အားစုများက ဆက်လက်ကြိုးပမ်းအားထုတ်ပေးပါရန်၊အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကလည်း အားလုံးနှင့်အတူ ထိရောက်သွေးစည်းစွာ ပူးပေါင်းဆောင်ရွက်သွားမည် ဟု ကြေညာထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှာ ပြည်သူများထဲမှ ပေါက်ဖွားလာသော ပြည်သူ့ပါတီဖြစ်သဖြင့် အာဏာရှင်အဆက် ဆက်တို့၏ မလိုမုန်းတီးစိတ်ထားဖြင့် မည်သို့ပင် တိုက်ခိုက်ချေမှုန်းဖျက်ဆီးသည် ဖြစ်စေ ပြည်သူရှိနေသရွေ့ ပါတီရှိနေမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က ကြေညာချက်ထုတ်ပြန်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article