စက်တင်ဘာလ ၂၀ ရက်နေ့တွင် ပေါက်မြို့နယ်၊ ယာကြီးပြင်ရွာမှ စစ်သားနှင့်ပျူစောထီး အင်အား ၅၀ ခန့်ပါ စစ်ကြောင်းက စွန်စိတ်ကုန်းရွာသို့ ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ်များကို ဝင်ရောက် မွှေနှောက်ကာ ပြည်သူ ၅ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ထိုစစ်တပ်စစ်ကြောင်းက ကျေးရွာအတွင်းရှိ ပြည်သူပိုင် ပစ္စည်းများကို စိတ်ကြိုက် ခိုးယူလုယက်သွားပြီးနောက် ယာကြီးပြင်ရွာကို ပြန်လည် ဆုတ်ခွာသွားကြောင်း၊ အကြမ်းဖက် စစ်တပ်က ဖမ်းဆီးသွားသော ပြည်သူများကိုလည်း လက်ရှိချိန်ထိ ပြန်လွှတ်ပေးခြင်းမရှိသေးကြောင်း သိရှိရသည်။
“ယာကြီးပြင်ရွာက စစ်ခွေး ၅၀ လောက်က စွန်စိတ်ကုန်းရွာကို ဝင်ရောက်စီးနင်းပြီး ပြည်သူ ၅ ဦးကို ဖမ်းဆီးသွားတာလို့ သိရတယ်။ ဖြစ်တာကတော့ စက်တင်ဘာလ ၂၀ ရက်နေ့ကဖြစ်တာပါ။ စစ်ခွေး စစ်ကြောင်းက ပြည်သူပိုင် ပစ္စည်းတွေကို ခိုးယူသွားတယ်။ ပြည်သူတွေကိုတော့ ပြန်လွှတ်ပေးတာမရှိသေးဘူးလို့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ မကွေးတိုင်း၊ ထီးလင်းမြို့နယ် ကျားခဲရွာကိုလည်း အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာပြီး စျေးဆိုင်ရှိ ပစ္စည်းများကို ခိုးယူသွားခဲ့ကြောင်း ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
စက်တင်ဘာလ ၃၀ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် ထီးလင်းမြို့နယ် ကျားခဲရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်လာပြီး စျေးဆိုင်ရှိ ပစ္စည်းများကို ခိုယူသွားကာ ပြည်သူ ၄ ဦးကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားကြောင်း သိရသည်။
“သူတို့ ဖမ်းဆီးသွားတာကတော့ ပြည်သူ ၄ ဦးပေါ့။ စစ်ကြောင်းပြန်ဆုတ်ချိန်မှာတော့ ပြည်သူ ၄ ဦးလုံးကို ပြန်လွှတ်ထားခဲ့တယ်လို့ သိရတယ်။ ထီးလင်းမြို့ပေါ်ကို စစ်ခွေး စစ်ကြောင်းက ပြန်ဆုတ်သွားတာပါ။ စစ်ခွေးတွေက ဒီလထဲကို ခဏခဏ စစ်ကြောင်းထိုးတာတွေ့ရတယ်။ အရင်ကလို ရွာဝင်ပြီး အကြာကြီးမနေဘဲ ၁၅ မိနစ်၊ မိနစ် ၃၀ လောက်နေပြီ လှည့်ပြန်သွားတာမျိုးပါ။ ဈေးဆိုင် ၄ ဆိုင်လောက်က စား သောက်ကုန်တို့ ဟင်းခတ် ပစ္စည်းတွေပါ ယူဆောင်သွားတာပါ” ဟု ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ တာဝန်ရှိသူက ပြောဆိုသည်။
ဓာတ်ပုံ – အကြမ်းဖက်စစ်တပ်၏ စစ်ယာဉ်တန်းတစ်ခု။ (ပုံအဟောင်းဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
