24.9 C
Yangon

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်တွင် တရားမဝင် ဝင်ရောက် လာသော မြန်မာနိုင်ငံသား ၉၉ ဦး ဖမ်းဆီးခံရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်တွင် တရားမဝင် ဝင်ရောက် လာသော မြန်မာနိုင်ငံသား ၉၉ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းနိုင်ငံမှ လာသော သတင်းများအရ သိရှိရသည်။

ကန်ချနဘူရီခရိုင်တွင် တရားမဝင် မြန်မာနိုင်ငံသား ၉၀ ဦးကို လည်းကောင်း၊ ယင်းနောက် မြန်မာနိုင်ငံသား ၉ ဦးကိုလည်းကောင်း ဖမ်းဆီးရရှိခဲ့သော ဖြစ်စဉ် ၂ ခုဖြစ်ပွားခဲ့ပြီး စုစုပေါင်း မြန်မာနိုင်ငံသား ၉၉ ဦးကို ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။

စက်တင်ဘာ ၃၀ ရက်နေ့ နံနက်၁နာရီအချိန် ကန်ချနဘူရီခရိုင်တွင် မော်တော်ယာဉ် ၄ စီးဖြင့် မြန်မာနိုင်ငံသားများ တင်ဆောင်လာကြောင်း သတင်းရရှိသဖြင့် လမ်းတွင် ကြိုတင်စောင့်ဆိုင်း စစ်ဆေး ပိတ်ဆို့ ဖမ်းဆီးခဲ့ကြောင်း၊ သို့ရာတွင် မော်တော်ယာဉ် ၄ စီးမှာ ရပ်တန့်ပေးခြင်းမရှိဘဲ ထွက်ပြေးမောင်းနှင်သွားကြကြောင်း၊ ထိုင်းအာဏာပိုင်များလိုက်လံ ဖမ်းဆီးရာ ကား ၄ စီးကို ဖမ်းမိခဲ့ပြီး တရားမဝင် မြန်မာနိုင်ငံသား ၉၀ ဦး ကို ဖမ်းဆီးရရှိခဲ့ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံသား ၉၀ ဦးမှာ ထိုင်းနိုင်ငံမှ တစ်ဆင့် မလေးရှားနိုင်ငံသို့ သွားရောက်ရန် ဘုရားသုံးဆူမှတစ်ဆင့် ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်အတွင်း သို့ ဝင်ရောက်လာခြင်းဖြစ်ကြောင်း ၊ ရေလမ်း၊ ကုန်းလမ်းများဖြင့် ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး မလေးရှားနိုင်ငံသို့ သွားရောက်ရန် ပွဲစားခထံသို့ တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၃ သောင်းမှ ၆ သောင်းအထိ ပေးရကြောင်း သိရှိရသည်။

ထို့ပြင် နောက်ထပ်ဖြစ်စဉ်တစ်ခုတွင်လည်း ယနေ့ အောက်တိုဘာလ ၁ ရက်နေ့ နံနက်ပိုင်း ထိုင်းနိုင်ငံ၊ ကန်ကျနဘူရီခရိုင် ဆန်ခရာ့ဘူရီမြို့နယ်တွင် မြန်မာနိုင်ငံသား အမျိုးသမီး မောင်းနှင်လာသော Toyota Vios ဆလွန်းကားကို စစ်ဆေးရန်အတွက် ရပ်တန့်ခိုင်းသော်လည်း မရပ်တန့်ဘဲ ထွက်ပြေးသွားကြောင်း၊ ထိုကြောင့် လိုက်လံဖမ်းဆီးရာ ကားမှာ ယာဉ်တိုက်မှုဖြစ်ပြီး ရပ်တန့်သွားကြောင်း၊ ကားပေါ်တွင် တရားမဝင် နိုင်ငံသား အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၄ ဦးတို့ကို ဖမ်းဆီးရရှိခဲ့ကြောင်း သိရှိရသည်။

ဖမ်းဆီးရရှိသော အမျိုးသမီး ယာဉ်မောင်း၏ အမည်မှာ မမွန်ဖြစ်ပြီး တောထဲတွင် ပိတ်မိနေသော မြန်မာများကို လာရောက်ခေါ်ဆောင်စဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article