24.9 C
Yangon

ကရင်နီတွင် စစ်တပ်စစ်ကြောင်းများက ဖရူဆိုအထိ ရောက်ရှိလာပြီး စစ်တပ်ကို အနိုင်ယူနိုင်ရေး စည်းလုံးညီညွတ်မှု အရေးကြီးဟု KNDF ဒုစစ်ဦးစီးချုပ် သတိပေး

Must read

ရန်ကုန်၊ အောက်တိုဘာ ၁

ကရင်နီတွင် စစ်တပ်စစ်ကြောင်းများက ဖရူဆိုအထိ ရောက်ရှိလာပြီး စစ်တပ်ကို အနိုင်ယူနိုင်ရေး စည်းလုံးညီညွတ်မှု အရေးကြီးကြောင်း KNDF ဒုစစ်ဦးစီးချုပ်မာဝီက သတိပေးပြောဆိုလိုက်သည်။

စက်တင်ဘာလ ၂၈ ရက်နေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပသော ကယား (ကရင်နီ) ရိုးရာ ဒီးကူပွဲတော်၌ အမှာစကားပြောရာတွင် ဒုစစ်ဦးစီးချုပ် မာဝီက ထိုသို့ သတိပေးပြောဆိုလာခြင်းဖြစ်သည်။

ကရင်နီပြည်တွင် စစ်တပ်စစ်ကြောင်းများက ဖရူဆိုအထိ ရောက်လာကြောင်း၊ ၂၀၂၃ ခုနစ် နိုဝင်ဘာလ ၁၁ ရက်နေ့ တစ်လေးလုံးစစ်ဆင်ရေး မတိုင်မီ အခြေအနေသို့ ပြန်လည်ရောက်ရှိလာကြောင်း၊ တော်လှန်ရေးတပ်များအနေဖြင့် စည်းလုံးညီညွတ်စွာဖြင့် ပြန်လည် တိုက်ခိုက်ရမည်ဖြစ်ကြောင်း KNDF ဒုစစ်ဦးစီးချုပ်မာဝီက သတိပေးသည်။

“ဒီနေ့အထိ မြေပြင်အခြေအနေမှာ ဆိုလို့ရှိရင် ဖရူဆို ၁၄ ချောင်း အထိကို သူ့ရဲ့ စစ်ရိက္ခာကားအများကြီး ရောက်သွားပြီဖြစ်တယ်။ ၁ လေးလုံး မစခင် အခြေအနေကို ပြန်ရောက်သွားတဲ့ အခြေအနေမျိုး ဖြစ်တယ်။ ကျွန်တော်တို့ အများကြီး ပြန်အလုပ်လုပ်ပြီးတော့မှ ပြန်တိုက်ယူရမယ့် အခြေအနေမျိုး ရှိနေတယ်။ အဲဒီတော့ ဒီမှာ ရောက်နေတဲ့ လူငယ်တွေလည်း အချိန်သာ ရှိတယ်၊ အခွင့်အရေးသာ ပေးမယ်ဆိုရင် ကျွန်တော်တို့နဲ့ အတူတူ တိုက်ခိုက်ဖို့ရာ အတွက်၊ အောင်ပွဲတွေ အတူတူခံဖို့ရာအတွက် ပြန်ဖိတ်ခေါ်လိုတယ်။ ” ဟု ၎င်းက ဆိုသည်။

ကရင်နီပြည်အတွင်း ကောက်ခံရရှိသော အခွန်ငွေများထဲမှ ၆၀ ရာခိုင်နှုန်းနီးပါးကို စစ်ရေးအတွက် အသုံးပြုထားကြောင်း၊ သို့ရာတွင် အဖွဲ့ခွဲများစွာ ရှိနေသည့်အတွက် ခွဲခြမ်းစိတ်ဖြာနေရသောကြောင့် အလဟဿဖြစ်ပြီး ရှေ့မရောက်တော့ကြောင်း ၎င်းက ထုတ်ဖော်ပြောဆိုသည်။

” ကျွန်တော်တို့ တစ်လ တစ်လ ကရင်နီပြည်နယ်မှာ အခွန်ရရှိမှု သိန်း ခုနစ်သောင်းလောက်ရှိတယ်။ ကျွန်တော် ဒီနေ့မှာ ပထမဦးဆုံး ထုတ်ပြောခြင်းလည်း ဖြစ်ပါတယ်။ အဲဒီ သိန်း ခုနစ်သောင်းမှာ သိန်း လေးသောင်းလောက်က ကာကွယ်ရေးဘက်မှာ အသုံးပြုတာ ဖြစ်ပါတယ်။ သိန်း လေးသောင်းဆိုတဲ့ ပိုက်ဆံ အရေအတွက်ဟာ ဥပမာ AK ကျည် လေးသိန်းဝယ်လို့ရပါတယ်။ ကျွန်တော် ဒီမလာခင်မှာ စစ်ဘက် တပ်ရင်းတစ်ရင်းကို ကျွန်တော်တို့ သိမ်းတယ်။ AK ကျည် တစ်သိန်းကျော်လေးပဲ ကုန်တယ်။ တပ်ရင်း တစ်ရင်းကို ပျှမ်းမျှအားဖြင့် ကျည်တစ်သိန်းနဲ့ သိမ်းလို့ရတယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။ တစ်လ တစ်လရ‌‌တဲ့ ငွေတွေက ကျည်ဆန် လေးသိန်းဝယ်လို့ရရင် အနည်းဆုံး တပ်ရင်း ၂ ရင်း ၊ ၃ ရင်းကို အသာလေး သိမ်းလို့ရတယ်။ ဒါပေမဲ့ စိတ်ပျက်စရာ ပြောတာမဟုတ်ပါဘူး။ ကျွန်တော်တို့က အဲဒီငွေတွေကို တစ်စုတစည်းတည်း သုံးတာ မဟုတ်ဘဲနဲ့ KA က ဘယ်လောက် Percent ၊ ကလလသ က ဘယ်လောက် Percent , KNDF က ဘယ်လောက် Percent ဆိုပြီး ခွဲဝေပြီးတော့မှ ကိုယ့်ရဲ့ တပ်ဖွဲ့အရေးကို အသုံးပြုလိုက်တဲ့အခါမှာ ငွေတွေ ခေါင်းကွဲပြီးတော့ ဘယ်တပ်ရင်းမှ မသိမ်းနိုင် ဖြစ်နေရပါတယ်။ အဲဒီတော့ လူထုအနေနဲ့ ဒါတွေကို များများတွန်းအားပေးဖို့ လိုပါတယ်” ဟု KNDF ဒုစစ်ဦးစီးချုပ် မာဝီက သတိပေးသည်။

ထို့ပြင် စစ်တပ်ကို အောင်နိုင်ရေးအတွက် စည်းလုံးညီညွတ်ရေးနှင့် စစ်ရေးအတွက် အဓိက ငွေကြေးပုံအောင် အသုံးပြုနိုင်ရန် အရေးကြီးကြောင်း ၎င်းက ထောက်ပြသည်။

“ကျွန်တော်တို့ ပြည်နယ် စစ်ကောင်စီကို အနိုင်ရဖို့က နံပါတ် ၁ စည်းလုံးရမယ်၊ နံပါတ် ၂ ရှိတဲ့ Resources တွေကို ပုံအောပြီး သုံးနိုင်မှပဲ နိုင်မှာ ဖြစ်ပါတယ်။ အဲဒီတော့ အခု အခြေအနေမှာတော့ ကြိုးစားဆဲဖြစ်နေတယ်။ ကျွန်တော်တို့ ဒီမှာ ရှိတဲ့ Background အသီးသီး ၊ တချို့လည်း ဒီမှာ လာကြတယ်။ အဖွဲ့ အစည်းအသီးသီးရဲ့ နောက်ခံတွေ ရှိပါလိမ့်မယ်။ မိမိအဖွဲ့အစည်းတွေ၊ မိမိရဲ့ ရင်းနှီးရာ ရင်းနှီးကြောင်းတွေကို ပြန်ပြီးတော့ ပြောပြနိုင်ဖို့ ကျွန်တော်တို့ ဒီသတင်းစကားပါးခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့မှာ ငွေ ရှိတယ်။ ကျွန်တော်တို့မှာ လူရှိတယ်။ ကျွန်တော်တို့မှာ သတ္တိရှိတယ်။ လုပ်နိုင်စွမ်းလည်း ရှိတယ်။ ဒါပေမဲ့ ဘာလို့ မအောင်နိုင်သေးလဲ ဆိုလို့ရှိရင် အစောန ကျွန်တော် ပြောတဲ့ Organizational Centrate အရမ်းများနေတဲ့အတွက်ကြောင့် မအောင်နိုင်သေးတာ ဖြစ်တယ်။ အဲဒီတော့ ခင်ဗျားတို့၊ ကျွန်တော်တို့ အားလုံးမှာ တာဝန်ရှိတယ်။ ကျွန်တော်တို့ တွန်းရမယ်။ ကျွန်တော်တို့ စစ်မိစ္ဆာတွေကို အမြန်ဆုံး တွန်းလှန်နိုင်ဖို့ရာအတွက် အလှဲထိုးနိုင်ဖို့ရာ အတွက် ဆက်ကြိုးစားရမယ်” ဟု KNDF ဒုစစ်ဦးစီးချုပ် မာဝီက သတိပေးသည်။

လတ်တလော ကရင်နီပြည်တွင် စစ်တပ်က ဒီးမော့ဆို၊ ဖရူဆိုနှင့် ဘောလခဲတို့သို့ စစ်ကြောင်းများစွာ အင်အားဖြည့်၍ အလုံးအရင်းဖြင့် ထိုးစစ်ဆင်မှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article